သူတို့နိုင်ငံပြန်ရောက်ရင် အရေးယူခံရနိုင်ခြေရှိတဲ့ အီရန်အမျိုးသမီးဘောလုံးအသင်းအတွက် စိုးရိမ်မှုတွေရှိနေ
- BVJ

- 12 minutes ago
- 1 min read
အေတီ/BVJ_မတ် ၉၊ ၂၀၂၆

အာရှဖလားပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီးနောက် ဩစတြေးလျနိုင်ငံကနေ အီရန်နိုင်ငံကိုပြန်ဖို့ပြင်ဆင်နေတဲ့ အီရန်အမျိုးသမီးဘောလုံးအသင်းရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံချက်ပေးဖို့ဆိုပြီး နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်နဲ့ ဩစတြေးလျအာဏာပိုင်တွေကို တိုက်တွန်းမှုတွေရှိနေပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညနေပိုင်းက သြစတြေးလျနိုင်ငံ Queensland ပြည်နယ်မှာရှိတဲ့ Gold Coast အားကစားကွင်းကနေထွက်ခွာလာတဲ့ အီရန်အမျိုးသမီး ဘောလုံးအသင်းရဲ့ ဘတ်စ်ကားကို ထောက်ခံသူရာပေါင်းများစွာကဝန်းရံပြီး "အီရန်အမျိုးသမီး ဘောလုံးအသင်းသား“တွေကို အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့အပတ်က တောင်ကိုရီးယားအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ပထမဆုံးပွဲစဉ်မတိုင်မီအချိန်မှာ အီရန်ကစားသမားတွေက သူတို့နိုင်ငံရဲ့ နိုင်ငံတော်သီချင်းကိုသီဆိုဖို့ငြင်းဆန်ခဲ့ပြီးနောက် အသင်းရဲ့လုံခြုံရေးအတွက် စိုးရိမ်မှုတွေမြင့်တက်လာခဲ့ပါတယ်။
သူတို့ရဲ့အဲ့ဒီလုပ်ရပ်အပေါ် အီရန်နိုင်ငံအတွင်းမှာ ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပြီး ရှေးရိုးစွဲဝါဒီ ဝေဖန်ရေးသမားတစ်ဦးက"စစ်အတွင်း သစ္စာဖောက်တွေ"လို့ စွပ်စွဲပြီး ပြင်းထန်တဲ့အရေးယူအပြစ်ပေးမှုတွေပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဩစတြေးလျ အမျိုးသားဘောလုံးအသင်းခေါင်းဆောင်ဟောင်းနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ကာရက်ဖော့စတာ (Craig Foster) က "သူတို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကျွန်တော်တို့အားလုံးမှာ ကြီးမားတဲ့စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်"လို့ ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
"အာရှဘောလုံးအဖွဲ့ချုပ် ဒါမှမဟုတ် တခြားဘယ်အဖွဲ့ချုပ်ကပဲဖြစ်ဖြစ်၊ ဖီဖာရဲ့ စည်းမျဉ်းအောက်မှာရှိတဲ့ ပြိုင်ပွဲတစ်ခုခုမှာပါဝင်ယှဉ်ပြိုင်တဲ့ ဘယ်အသင်းမဆို သူတို့ရဲ့ လက်ရှိနဲ့အနာဂတ်လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ အကာအကွယ်ရရှိပိုင်ခွင့်ရှိရပါမယ်" လို့ ကာရက်ဖော့စတာက ဆိုပါတယ်
ဒုတိယပွဲစဉ် ဩစတြေးလျအသင်းနဲ့ကစားခဲ့တဲ့ပွဲ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ဖိလစ်ပိုင်အသင်းနဲ့ နောက်ဆုံးပွဲစဉ်တွေမှာတော့ အီရန်အမျိုးသမီးဘောလုံး အသင်းသားတွေ နိုင်ငံတော်သီချင်းကိုလိုက်ပါသီဆိုခဲ့ကြတာတွေ့ရပါတယ်။ဘောလုံးအသင်းအဖွဲ့ဝင်တွေအဖြစ်လိုက်ပါလာတဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)ရဲ့ ဖိအားပေးစေခိုင်းမှုကြောင့်ဖြစ်ရမယ်လို့ ဝေဖန်သူတွေကယူဆနေကြပါတယ်။
အီရန်အမျိုးသမီးအသင်းရဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ပွဲကို ရာနဲ့ချီတဲ့ ဩစတြေးလျရောက် အီရန်လူမျိုးတွေလာရောက်အားပေးခဲ့ကြပြီး သူတို့အသိအမှတ်မပြုတဲ့ လက်ရှိအီရန်နိုင်ငံတော်သီချင်း သီဆိုနေစဉ်အတွင်း လှောင်ပြောင်ကန့်ကွက်ခဲ့ကြပါတယ်။ ပွဲကစားချိန်တွင်းမှာလည်း အီရန်အစ္စလာမ္မစ်တော်လှန်ရေးမတိုင်မီကအသုံးပြုခဲ့တဲ့ "ခြင်္သေ့နဲ့နေမင်း" (Lion and Sun) အလံတွေကိုဝှက်ယူလာကြပြီး ဖြန့်ခင်းပြသခဲ့ပါတယ်။

ဘောလုံးကွင်း အပြင်ဘက်မှာ လက်ရှိအီရန်အစိုးရ တရားဝင်အလံကိုသာခွင့်ပြုမယ်လို့ ဆိုင်းဘုတ်တွေရေးပြီး တားမြစ်ထားတဲ့ကြားကနေ သူတို့ဆန္ဒကိုထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
အီရန်အမျိုးသမီး ဘောလုံးအသင်းသားတွေ သူတို့နိုင်ငံအီရန်ကိုပြန်ရင် အန္တရယ်ကျရောက်မှာကို စိုးရိမ်မှုတွေမြင့်တက်နေပြီး တကယ်လို့သူတို့ဆန္ဒရှိရင် ဩစတြေးလျနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် (Asylum) လျှောက်ထားနိုင်ဖို့ကူညီပံ့ပိုးမယ့် သူတွေလည်းရှိနေပါတယ်။
၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန် အမျိုးသမီးဘောလုံးအသင်း တာလီဘန်တို့လက်ကထွက်ပြေးလွတ်မြောက်နိုင်ဖို့ အဓိကကူညီခဲ့သူဖော့စတာက "သူတို့ဟာ ဟိုတယ်မှာ အသင်းစီမံခန့်ခွဲသူတွေရဲ့ထိန်းချုပ်မှုကိုခံထားရပြီး ပြင်ပအသိုက်အဝန်း၊ သူငယ်ချင်း၊ မိသားစု ဒါမှမဟုတ် ရှေ့နေတွေ အပါအဝင် ဘယ်လိုအကူအညီပေးမယ့်သူတွေနဲ့မဆို စကားပြောဆိုခွင့် ပိတ်ပင်ခံထားရပါတယ်"လို့ဆိုပါတယ်။
"တချို့က စိုးရိမ်စိတ်ရှိနိုင်သလို တချို့ကလည်း မရှိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့သိထားတာက သူတို့အများစုမှာ အိမ်မှာ မိသားစုတွေ၊ ကလေးတွေ ရှိနေကြတာပါ။ ဩစတြေးလျမှာနေထိုင်ခွင့်ပေးမယ်ဆိုရင်တောင် သူတို့ကိုယ်သူတို့ မလုံခြုံဘူးလို့ ခံစားရရင် ဒီအခွင့်အရေးကို လက်ခံမှာမဟုတ်ပါဘူး။ အဓိကအရေးကြီးတာက ဒီလိုအခွင့်အရေးမျိုး သူတို့ကိုကမ်းလှမ်းထားဖို့ပါပဲ"လို့ ဖော့စတာကဆက်ဖြည့်ပြောပါတယ်။
ဩစတြေးလျအစိုးရကတ ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်ပတ်သက်တာမရှိပေမယ့် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်း (Penny Wong) က "ကျွန်မတို့ဟာ အီရန်နိုင်ငံသားတွေ၊ အထူးသဖြင့် အီရန်အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေနဲ့အတူ တသားတည်းရှိနေပါတယ်။ လက်ရှိအီရန်အစိုးရဟာ သူတို့ရဲ့ ပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နင်းနေတဲ့အစိုးရဖြစ်တယ်ဆိုတာကတော့ ထင်ရှားပါတယ်" လို့ ABC သတင်းဌာနမှာ ပြောထားပါတယ်။
ခရက်ဒစ်- ဘီဘီစီ




Comments