မြန်မာအပါအဝင် နိုင်ငံလေးနိုင်ငံအတွက်ကျောင်းသားဗီဇာထုတ်ပေးမှုကို ယူကေအစိုးရ ရပ်ဆိုင်း
- BVJ

- Mar 4
- 1 min read
အေတီ/BVJ_မတ် ၄၊ ၂၀၂၆

ယူကေနိုင်ငံရဲ့ခိုလှုံခွင့်တောင်းခံမှုစနစ်ကို အလွဲသုံးစားပြုလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယူကေပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ် (Shabana Mahmood)က မြန်မာအပါအဝင် နိုင်ငံလေးနိုင်ငံကလူတွေကို ကျောင်းသားဗီဇာထုတ်ပေးမှုရပ်ဆိုင်းထားဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနဲ့ဆူဒန်နိုင်ငံတွေကလာတဲ့သူတွေအတွက် ကျောင်းသား ဗီဇာ (Student Visa)အသစ်ထုတ်ပေးမှုကို ယူကေအစိုးရက ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် အဆိုပါလေးနိုင်ငံကလူတွေဟာ ယူကေကိုကျောင်းသားဗီဇာနဲ့လာရောက်ပြီး နိုင်ငံရေးခိုလှုံခွင့် (Asylum)လျှောက်ထားမှု အဆမတန်မြင့်တက်လာတာကြောင့် အခုလိုဗီဇာပိတ်ပင်ရတဲ့အခြေအနေအထိရောက်လာတာလို့ သိရပါတယ်။
အချို့ကျောင်းသားဗီဇာလျှောက်ထားတဲ့သူတွေက ကျောင်းတက်ဖို့ရည်ရွယ်ချက်အစစ်အမှန်နဲ့ ယူကေနိုင်ငံထဲဝင်လာတာမဟုတ်ဘဲ ကျောင်းသားဗီဇာကို "နောက်ပေါက်" (Backdoor)အဖြစ် အလွဲသုံးစားပြုလုပ်နေတယ်လို့ ယူကေအစိုးရကယူဆထားပါတယ်။ လူဝင်မှုကြီးကြပ်ရေးဥပဒေသစ်အရ ယူကေပြည်ထဲရေးဝန်ကြီးဌာနက ပထမဆုံးအကြိမ်အဖြစ် အရေးပေါ် လုပ်ပိုင်ခွင့်ကိုအသုံးပြုပြီး ကျောင်းသားဗီဇာထုတ်ပေးမှုကိုရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။
အခုလိုယူကေပြည်ထဲရေးဌာနက ကျောင်းသားဗီဇာပိတ်ပင်တဲ့ဆုံးဖြတ်ချက်ဟာ တရားဝင်ဗီဇာနဲ့ဝင်ရောက်လာပြီး နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတဲ့နှုန်း မြင့်တက်လာမှုကိုထိန်းချုပ်ဖို့ အဓိကရည်ရွယ်တာဖြစ်တယ်လို့လည်းသိရပါတယ်။




Comments