မြန်မာကျောင်းသားတွေအပေါ် ယူကေအစိုးရဗီဇာပိတ်ပင်မှုကို BCUKအဖွဲ့ အပြင်းအထန် ရှုတ်ချ
- BVJ

- 2 hours ago
- 1 min read
အေတီ/BVJ_ဖေဖော်ဝါရီ ၄၊ ၂၀၂၆

ယူကေပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ် (Shabana Mahmood)က မြန်မာနိုင်ငံကကျောင်းသားတွေကို ဗီဇာလျှောက်ထားခွင့်ပိတ်ပင်လိုက်တာဟာ “အလွန်ရက်စက်ပြီး အမြော်အမြင်ကင်းမဲ့တဲ့လုပ်ရပ်”ဖြစ်ကြောင်း Burma Campaign UK (BCUK)က ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချလိုက်ပါတယ်။
“ယူကေမှာ ပညာသင်ကြားခွင့်ရတာဟာကျောင်းသားတစ်ဦးချင်းစီအတွက် ဘဝပြောင်းလဲစေရုံသာမက မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်လည်းရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရရှိလာတဲ့ကျွမ်းကျင်မှုအသစ်တွေနဲ့ နောင်တချိန်မှာ နိုင်ငံကိုပြန်လည်ကူညီနိုင်မှာဖြစ်လို့ပါ” လို့ Burma Campaign UKအဖွဲ့ရဲ့ ပရိုဂရမ်ဒါရိုက်တာ ဇိုယာဖန်းကပြောပါတယ်။
ဒါ့အပြင် “ရှာဘာနာ မာမွတ်အနေနဲ့ လူမှောင်ခိုဂိုဏ်းတွေကိုနှိမ်နင်းမယ့်အစား မိမိတို့ကိုယ်တိုင်နဲ့ မိမိတို့နိုင်ငံအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်ကိုဖော်ဆောင်ဖို့ကြိုးစားနေကြတဲ့ မြန်မာလူငယ်တွေရဲ့မျှော်လင့်ချက်နဲ့အိပ်မက်တွေကို ဖျက်ဆီးနေတာဖြစ်တယ်”လို့လည်း မဇိုရာဖန်းကထောက်ပြထားပါတယ်။
မဇိုယာဖန်းကိုယ်တိုင်လည်း လွန်ခဲ့တဲ့အနှစ်၂၀တုန်းက ကျောင်းသားဗီဇာနဲ့ ယူကေကိုရောက်လာခဲ့တဲ့သူဖြစ်ပြီး လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို မြန်မာစစ်တပ်ဘက်က လုပ်ကြံသတ်ဖြတ်မယ့်ခြိမ်းခြောက်မှုတွေကြောင့် နေရပ်မပြန်နိုင်တော့ဘဲ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားခဲ့ရသူဖြစ်ပါတယ်။
အခုလို မြန်မာနိုင်ငံကလာမယ့်ကျောင်းသားတွေကို ဗီဇာပိတ်ပင်လိုက်တာဟာ ယူကေအစိုးရရဲ့ သစ္စာဖောက်မှုထဲကတစ်ခုဖြစ်ပြီး ၂၀၂၁ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကြုံနေရတဲ့ကြားက ယူကေအစိုးရကကူညီထောက်ပံ့မှုတွေဖြတ်တောက်ခဲ့သလို ၂၀၂၄ ခုနှစ်နောက်ပိုင်းမှာလည်း မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ လုံးဝချမှတ်လုပ်ဆောင်တာမရှိတော့တဲ့အပေါ် BCUKအဖွဲ့က ထောက်ပြဝေဖန်ထားပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ယူကေအစိုးရက အခြား အနောက်နိုင်ငံအများစုနဲ့မတူဘဲ လူ့အခွင့်အရေးလှုပ်ရှားသူတွေအတွက် ဘေးကင်းနေရာအဖြစ်တိမ်းရှောင်နိုင်ဖို့ အထူးအစီအစဉ်တစ်စုံတစ်ရာလုပ်ဆောင်ပေးဖို့ငြင်းဆန်ခဲ့သလို ယူကေမှာရောက်ရှိနေတဲ့ မြန်မာကျောင်းသားတွေနဲ့ အခြားသူတွေအတွက်လည်း “ယာယီအကာအကွယ်ပေးထားတဲ့ အခြေအနေ” (Temporary Protected Status) ဖော်ဆောင်ပေးပေးခဲ့တာမတွေ့ရပါဘူး။
ပတ်စပို့နဲ့ဗီဇာသက်တမ်းတွေ ကုန်ဆုံးသွားတာ၊ နေရပ်ပြန်ဖို့ ဘေးမကင်းတော့တဲ့အချက်တွေနဲ့ ယာယီအကာအကွယ်ပေးမှုတွေမရှိတာက ကျောင်းသားတွေအတွက် နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားမှုလမ်းကြောင်းကို မဖြစ်မနေရွေးချယ်ဖို့ ကို တွန်းအားပေးသလို ဖြစ်နေပါတယ်။
“ယူကေနိုင်ငံဟာ စစ်ဘေးနဲ့ဖိနှိပ်ညှဉ်းပန်းမှုတွေကနေ ထွက်ပြေးလာသူတွေကို အမြဲတမ်းခိုလှုံခွင့်ပေးမှာဖြစ်တယ်”လို့ ယူကေပြည်ထဲရေးဝန်ကြီး ရှာဘာနာမွတ်ကပြောခဲ့ဖူးတာရှိတဲ့အတွက် မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံရေးခိုလှုံခွင့်နဲ့ဘေးကင်းလုံခြုံမှုတွေ ယူကေမှာရရှိနိုင်ဖို့ ဘယ်လိုတရားဝင်လမ်းကြောင်းတွေကိုအသုံးပြုနိုင်မလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို မီဒီယာတွေအနေနဲ့မေးမြန်းကြဖို့နဲ့ အဲ့ဒီအချက်အလက်တွေကို ရန်ကုန်က ယူကေသံရုံး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အင်္ဂလိပ်၊မြန်မာနှစ်ဘာသာနဲ့ ထုတ်ပြန်ပေးဖို့ BCUKအဖွဲ့ကတိုက်တွန်းထားပါတယ်။
ပုံစာ- လွန်ခဲ့တဲ့ နှစ်၂၀ကျော်က ယူကေကိုကျောင်းသားဗီဇာနဲ့ရောက်လာပြီး မိသားစုနဲ့အတူအခြေချနေထိုင်နေတဲ့ မဇိုရာဖန်းဟာ လုပ်ကြံခံရတဲ့ကရင်တော်လှန်ရေးခေါင်းဆောင် ဖဒိုမန်းရှာရဲ့သမီးတစ်ဦးဖြစ်ပြီး လက်ရှိမှာ BCUK အဖွဲ့ရဲ့ ပရိုဂရမ်ဒါရိုက်တာအဖြစ် တာဝန်ယူလုပ်ဆောင်နေပါတယ်။
ခရက်ဒစ် - Burma Campaign UK




Comments