အိန္ဒိယ အကျဥ်းထောင်ထဲမှာ မြန်မာနိုင်ငံသားတစ်ဦး ထပ်မံသေဆုံး
- BVJ

- Mar 20, 2025
- 1 min read
ထောင်ထဲရောက်နေတဲ့ မြန်မာ စစ်ဘေးရှောင်အားလုံး အမြန်ပြန်လွှတ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ လက်မှတ်ထိုးတောင်းဆို
BVJ/Moore _ မတ် ၂၀ ၊ ၂၀၂၅

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်းဖားလ်ထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလော က်မရရှိခဲ့တာကြောင့် မြန်မာနိုင်ငံသားတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ India For Myanmar အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၁၉၆ ဖွဲ့က ဒီနေ့ မတ်လ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
အသက် ၅၇ နှစ်အရွယ် နာတာရှည်ရောဂါသည် ဦးအောင်မြင့်ဟာ ဆေးဝါးကုသမှုခံယူအပြီး ပြန်လာတဲ့အချိန် ၂၀၂၄ ဇန်နဝါရီ ၂၉ ရက်က မဏိပူရ်ပြည်နယ်အတွင်းမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးခံခဲ့ရပြီး အိန္ဒိယထောင်ထဲပို့ခံခဲ့ရတဲ့သူ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသခံ ဦးအောင်မြင့်ဟာ ၂၀၂၁ နိုဝင်ဘာလကနေ ၂၀၂၄ ဇန်နဝါရီလ အဖမ်းဆီးမခံရမီအချိန်ထိ အိန္ဒိယနိုင်ငံမှာ ဆေးဝါးကုသမှုခံယူနေခဲ့တဲ့သူ ဖြစ်ပါတယ်။ အဆုတ်ရောဂါ ဝေဒနာရှင် ဦးအောင်မြင့်ကို ဆေးကုသခွင့်ပေးဖို့ ထောင်အာဏာပိုင်တွေထံ တင်ပြခဲ့ပေမဲ့ ကနဦးမှာ ဆေးကုသခွင့်မရဘဲ နောက်ဆုံးအချိန်ရောက်မှ ပြင်ပဆေးရုံထွက်ကုသခွင့်ပေးတာကြောင့် ၂၀၂၅ မတ်လ ၁၀ ရက်မှာ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

သူ သေဆုံးမှုက အင်းဖားလ်အကျဉ်းထောင်အတွင်း မြန်မာနိုင်ငံသား သေဆုံးမှု ဒုတိယအကြိမ် မြောက် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်ကလည်း တမူးမြို့ နယ်က မြန်မာစစ်ဘေးရှောင် အသက် ၃၂ နှစ်အရွယ် Mr. Demkholun Guite အင်းဖားလ်အကျဉ်းထောင်ထဲမှာ ရုတ်တရက်နှလုံးရပ်ပြီး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ရှိခဲ့ပါတယ်။
အိန္ဒိယနိုင်ငံတွင်းမှာ ကလေးငယ် ၅၂ ဦးအပါအဝင် မြန်မာစစ်ဘေးရှောင် ၁၄၇ ဦး ဖမ်းဆီးအကျဥ်းချခံထားရတယ်လို့ India For Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အကျဉ်းထောင်အတွင်းက မြန်မာစစ်ဘေးရှောင်တွေထဲမှာ နာတာရှည်ရောဂါသည် ၁၂ ဦးရှိနေပြီး ကိုယ်ဝန်ဆောင်မိခင်တွေ၊ ထောင်တွင်း မွေးဖွားခဲ့တဲ့ ကလေးငယ်တွေနဲ့ ကျောင်းနေအရွယ် ကလေးများလည်းရှိနေပါတယ်။ အကျဉ်းကျခံနေရတဲ့ မြန်မာစစ်ဘေးရှောင်တွေကို အမြန်ဆုံးလွှတ်ပေးဖို့ကိုလည်း အရပ်ဘက်အဖွဲ့အစည်းတွေက လက်မှတ်ရေးထိုး တောင်းဆိုထားပါသေးတယ်။
အိန္ဒိယအာဏာပိုင်တွေရဲ့ ဖမ်းဆီးထောင်ချခြင်းခံထားရတဲ့ မြန်မာစစ်ဘေးရှောင်တွေဟာ သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အကျဉ်းထောင်အတွင်းမှာ အစာငတ်ခံဆန္ဒပြမှုတွေလည်းရှိနေသလို လွတ်ရက်စေ့ပေမဲ့ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားမပြနိုင်တာကြောင့် အကျဉ်းထောင်တွေအတွင်း အကျဉ်းခံနေရသူတွေလည်း ရှိနေပါတယ်။




Comments