top of page

အိုးထိန်းတွင်းရွာ စာသင်ကျောင်းဗုံးကြဲခံရမှုအတွင်း ၁၀ နှစ်အောက် ကျောင်းသားကလေးတွေ အများဆုံးသေဆုံးခဲ့

  • Writer: BVJ
    BVJ
  • 1 day ago
  • 1 min read

BVJ/အိုင်းရစ် _ မေ ၁၃ ၊ ၂၀၂၅



စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ကျောင်းသားကလေးငယ် (၂၀) ဦးနဲ့ စေတနာ့ဝန်ထမ်းဆရာမ နှစ်ဦးပါဝင်ခဲ့ပြီး သေဆုံးသူတွေထဲမှာ အသက် ၁၀ နှစ်အောက် ကလေးငယ်အများဆုံး ပါဝင်တယ်လို့ သိရပါတယ်။


မနေ့က မေလ ၁၂ ရက် မနက်ပိုင်းက စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ကျောင်းသားကလေး ၂၀ ဦးနဲ့ ဆရာမ နှစ်ဦးကို မနေ့ညနေပိုင်းနဲ့ ဒီနေ့မနက်ပိုင်းမှာ သင်္ဂြိုလ်မှုတွေ လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ ဒီပဲယင်းဒေသခံတစ်ဦးက Burma VJ ကို ပြောပါတယ်။


“ကလေးတွေကို တချို့တွေက မနေ့ညပိုင်းမှာလည်း သင်္ဂြိုလ်တယ်၊ ဒီမနက်ပိုင်းမှာလည်း တချို့တွေ သင်္ဂြိုလ်တယ်။ ထိခိုက်ဒဏ်ရာရတဲ့သူ ၇၀ ဝန်းကျင်အထိရှိတယ်။ ကလေးတွေ ခြေပြတ်လက်ပြတ်ဖြစ်တာတွေ ရှိတယ်။ ကျောင်းဆရာတစ်ယောက်ဆိုလည်း လက်ဖြတ်ပစ်လိုက်ရတယ်။ ဗုံးကြဲတာက ကျောင်းပေါ်တည့်တည့်ကို ကျတာ” လို့ ဒီပဲယင်းဒေသခံတစ်ဦးက Burma VJ ကို ပြောပါတယ်။


စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ကျောင်းသားကလေးငယ်တွေထဲမှာ Grade-2 ကျောင်းသား (၆)ဦး၊ Grade-3 ကျောင်းသား (၃)ဦး၊ Grade-4 ကျောင်းသား (၄)ဦး၊ Grade-5 ကျောင်းသား (၁)ဦး၊ Grade-7 ကျောင်းသား (၃)ဦး၊ Grade-9 ကျောင်းသား (၁)ဦး၊ Grade- 10 ကျောင်းသား (၁)ဦး၊ Grade-11 ကျောင်းသား (၁)ဦးတို့ပါဝင်ပြီး ဆရာမ နှစ်ဦးလည်း သေဆုံးခဲ့ပါတယ်။




“အရင်ကဆို လေယာဉ်နဲ့ဗုံးလာကြဲရင် အရင်ဝဲနေသေးတယ်။ အခုက အဲသလိုမဟုတ်ဘဲ တစ်ခါထဲ နေရာအတိအကျပုံစံမျိုး ဖြတ်ပျံပြီး ကြဲချသွားတာ။ ဆိုတော့ ကလေးတွေရှောင်ဖို့အချိန် မရလိုက်ဘူး။ ပုံမှန်ဆို လေကြောင်းရန်ကာကွယ်ရေးအတွက် စက်ကိုင်တဲ့သူတွေက သတိပေးတာမျိုးရှိတယ်။ အရင်ကလည်း လေကြောင်းရန်ကာကွယ်ရေးကို ဆရာမ၊ ဆရာမတွေ သင်တန်းပေးတာမျိုးလည်း ရှိတယ်” လို့ ဒီပဲယင်းဒေသခံက ပြောပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနရဲ့ ပညာရေးသင်ရိုးညွှန်းတမ်းစနစ်အရ နောက်ကျတဲ့ အတန်းငယ်တွေကို အချိန်မီအောင် တစ်နှစ်ကို ၂ တန်းနှုန်းနဲ့ သင်ကြားပေးနေတာဖြစ်တာကြောင့် တစ်နှစ်ပတ်လုံးနီးပါး စာသင်ကြားမှုရှိနေတယ်လို့လည်း သိရပါတယ်။


စစ်ကောင်စီဘက်ကတော့ အိုးထိန်းတွင်းရွာစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုမလုပ်ခဲ့ကြောင်းနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာကို ဗုံးကြဲတိုက်ခိုက်တာမျိုး မလုပ်ဆောင်ဘူးလို့ စစ်ကောင်စီထိန်းချုပ် မီဒီယာMRTVကနေ မနေ့ည ၈ နာရီက ဝါဒဖြန့်ထားပါတယ်။ စစ်ကောင်စီကို ထောက်ခံတဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာလည်း အလားတူရေးသားပြောဆိုမှုတွေ ရှိနေပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ-NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီနေ့မနက်ပိုင်းထုတ်ပြန်ချက်မှာတော့ ကျောင်းသားကလေးငယ်တွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်းမှာ ထပ်ဆင့်ပေါက်ကွဲစေတဲ့ ကလပ်စတာဗုံး (Cluster)ကိုအသုံးပြုခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page