top of page

''ကဲကဲ ကိုကိုကြီးရေ အမျှ အမျှ အမျှ''

Writer: BVJ
BVJ
21 minutes ago
2 min read
၂၀၂၅ နှစ်ကုန်ပိုင်း ရန်ကုန်မြို့မှာ မဲဆွယ်နေတဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ။ (ဓာတ်ပုံ – ကံကောင်း/Myanmar Now) 
၂၀၂၅ နှစ်ကုန်ပိုင်း ရန်ကုန်မြို့မှာ မဲဆွယ်နေတဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ။ (ဓာတ်ပုံ – ကံကောင်း/Myanmar Now) 

ပြောချင်တာက ကိုကိုကြီး အကြောင်းပါ။ ဒါပေမဲ့ အရင်းခံ အကြောင်းဖြစ်တဲ့  ICJ ဆုံးဖြတ်ချက် အကြောင်း ကိုတော့ အရင်ပြောဖို့ လိုပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က မြန်မာနိုင်ငံ ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ရခြင်းရဲ့ အကြောင်းရင်းက “ဦးစီးချုပ်နဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာဥပဒေအရ မြန်မာနိုင်ငံရဲ့လုပ်ရပ်ပဲ”လို့ သတ်မှတ်ယူဆထားလို့ပါ။ ရှင်းအောင်ပြောလိုက်မယ်။ လူမျိုးတုံးသတ်ဖြတ်တယ်လို့ ICJ က ဆုံးဖြတ်ခဲ့သူတွေဟာ မအလနဲ့သူ့စစ်တပ်ပါ။ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေ မဟုတ်ပါဘူး။ လုံးဝမဟုတ်ပါဘူး။


ဒါကြောင့် နိုင်ငံနဲ့လူမျိုးဂုဏ်သိက္ခာထိခိုက်နစ်နာစေခဲ့တဲ့ မအလနဲ့သူ့စစ်တပ်က လူထုတစ်ရပ်လုံးကို တောင်း ပန်ရမှာပါ။ ခုတော့မတောင်းပန်တဲ့အပြင် ကိုကိုကြီးအပါအဝင် မအလနဲ့ စစ်တပ်ရဲ့ အပေါင်းအပါတွေက “မြန်မာနိုင်ငံသားတွေ အပေါ် ကမ္ဘာကပဲ ဂျီနိုဆိုက်ကျူးလွန်သူတွေအဖြစ် ဝိုင်းဝန်းပစ်ပယ် နိုမ်ချဆက်ဆံတော့မလိုလို “နားလှည့်ပါးရိုက်” လုပ်လာပါတယ်။ လူထုကို ICJ နဲ့ရန်တိုက်ပေးပြီး သူတို့ရဲ့ အပြစ်ကို ပဥ္စလက်ပြဖုံးကွယ်သလို တစ်ပြိုင်တည်းမှာ မအလနဲ့စစ်တပ်ကပဲ တိုင်းပြည်နဲ့လူမျိုးအတွက် သူရဲကောင်းတွေလို ကာကွယ်ပေးနေသယောင်ယောင် ဝါဒဖြန့်လာကြတာပါ။ ကိုကိုကြီးပြောချင်တာက သူလည်းပဲ ဒီလိုသူရဲကောင်းကြီးတစ်ဦးပေါ့။


ဆံပင်မွှေးကနေ ခြေသည်းအထိ DNA စစ်ကြည့်လိုက် တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့စိတ်က ရာနှုန်းအပြည့်တဲ့ ။

နိုဝင်ဘာ၁၉ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ကြောင်း မြန်မာနိုင်ငံ အပေါ် အမိန့်ချမှတ်ခဲ့ပါတယ်။
နိုဝင်ဘာ၁၉ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ကြောင်း မြန်မာနိုင်ငံ အပေါ် အမိန့်ချမှတ်ခဲ့ပါတယ်။

လက်စနဲ့ပြောလိုက်ပါဦးမယ်။ သူ့ရဲ့ကြောင်းကျိူးပြစီရင်ချက်တစ်ခုလုံးမှာ ICJ က ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးနှုန်းသွားပေမယ့်  ICJ ဟာ ဂမ်ဘီယာက လျှောက်ထားတောင်းဆိုထားတဲ့ “နိုင်ငံသား ပြုခွင့်နဲ့ နှစ်သက်ရာလူမျိုးအမည်သတ်မှတ်ခွင့်တွေ”ကို တစ်ညီတစ်ညွတ်တည်း ပြတ်ပြတ်သားသား ပယ်ချထားတာပါ။ ရိုဟင်ဂျာတွေ ကို တိုင်းရင်းသားအဖြစ် သတ်မှတ်ကြတော့မယ် ဆိုတာ ဖြဲခြောက်ဝါဒဖြန့်နေတာပါ။ လူမျိုးအမည်သတ်မှတ်ခွင့်တောင် ပယ်ချထားတာ ၊ ဘယ်လိုလုပ် တိုင်းရင်းသားအဖြစ်သတ်မှတ်ရမှာလဲ ၊ ICJ ရဲ့လုပ်ပိုင် ခွင့်လည်း မဟုတ်ပါဘူး။ ICJ က ရိုဟင်ဂျာတွေကို လူမျိုးစု ၊ ဘာသာရေးအရ သီးခြား ဝိသေသ လက္ခဏာရှိတဲ့ ကာကွယ်ပေးရမယ့် လူမှုအုပ်စု(protected group) အဖြစ်သတ်မှတ်ပြီး ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါပဲ။


ICJ ရဲ့တာဝန်က “မအလနဲ့ သူ့စစ်တပ်ဟာ လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်တယ် မကျူးလွန်ဘူး ဆုံးဖြတ်ပေးဖို့ပါ။ ရိုဟင်ဂျာတွေရဲ့ သမိုင်းဇစ်မြစ်လှန်ပြီး အာဆာ(ARSA)ရဲ့ ရဲကင်းစခန်းတွေ တစ်ပြိုင်နက် ဝင်တိုက်တဲ့ ကိစ္စကနေ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့နောက်ကွယ်က လှုပ်ရှားမှုဆိုတာတွေအထိ၊ ဘက်ပေါင်းစုံ သုံးသပ်ရေးဟာ ICJ ရဲ့ဆုံးဖြတ်ပိုင်ခွင့်မဟုတ်တဲ့အတွက်  ICJ က လုပ်မှာမဟုတ်ပါဘူး။ ICJ က သူရရှိထားတဲ့ သက်သေအထောက်အထားတွေ ၊ နှစ်ဖက်တင်ပြချက်တွေအပေါ် အခြေခံပြီး “မအလနဲ့ သူ့စစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ် ၊ ဒါကြောင့် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်” လို့ သူ့ လုပ်ပိုင်ခွင့်အတိုင်း ဆုံးဖြတ်ခဲ့တာပဲ။


မအလနဲ့ သူ့စစ်တပ်က ရိုဟင်ဂျာတွေအပေါ် ထိတ်လန့်တုန်လှုပ်စရာ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာက ငြင်းမရတဲ့အထောက်အထားတွေ တောင်လိုပုံနေတာပါ။ ဒါကိုပဲ နိုင်ငံတာလုပ်ထုံးလုပ်နည်း ဥပဒေတွေ ကျွမ်းကျင်ပါတယ်ဆိုတဲ့ ကိုကိုကြီးက “နိုင်ငံရေးအရ ကျုံးသွင်း ဆုံးဖြတ်ခဲ့တာပဲ။ ဒီလောက်မတရားတာကို ခေါင်းငုံ့ငြိမ်ခံနေလို့ ဘယ်ဖြစ်မလဲ” ဆိုတော့ ကိုကိုကြီးရေ အိပ်ချင်ယောင်ဆောင်နေသူကို နှိုးမရဘူးလို့ပဲ ပြောလိုက်မယ်။


၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့  နေပြည်တော်မှာ ကျင်းပခဲ့တဲ့ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနား မှာ ကိုကိုကြီးနဲ့ မင်းအောင်လှိုင် လက်ဆွဲနှုတ်နေကြစဥ်
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့  နေပြည်တော်မှာ ကျင်းပခဲ့တဲ့ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနား မှာ ကိုကိုကြီးနဲ့ မင်းအောင်လှိုင် လက်ဆွဲနှုတ်နေကြစဥ်

အင်တာဗျူးမှာ ကိုကိုကြီးကို “ICJက သူ့ရဲ့ စီရင်ချက် သုံးသပ်တင်ပြရမှာ မအလ အမည်ညွှန်းဆိုထားတဲ့ အပေါ် သဘောထားတောင်းတော့ ကိုကိုကြီးက ဝှေ့လည်ကြောင်ပတ် ရှောင်ထွက်သွားပါတယ်။ ICJ က မအလရဲ့ တရားဝင် ဖေ့စ်ဘုခ်စာမျက်နှာနဲ့ တပ်မတော်ပြန်ကြားရေးတွေကနေ ရိုဟင်ဂျာလူမျိုးစုအပေါ် “ဘင်္ဂါလီ အကြမ်းဖက်သမားတွေလို့ တစ်သမတ်တည်း သုံးနှုံးခဲ့တာကိုထောက်ပြထားပြီး သားပါ။ အာဆာ(ARSA) လို အဖွဲ့တွေရဲ့ လှုပ်ရှားမှုရှိရုံနဲ့ ရိုဟင်ဂျာ လူမှုအုပ်စုတစ်ခုလုံးကို သိမ်းကျူံးပြီး အကြမ်းဖက်သမားလို့ သတ်မှတ်ပိုင်ခွင့် မရှိပါဘူး။


“၂၀၀၈ဖွဲ့စည်းပုံအရ အစိုးရဖြစ်နေပြီပဲ။ အစိုးရနှစ်ရပ် (လူထုရွေးချယ်ခံအစိုးရနဲ့ စစ်တပ်) ရှိနေပြီလို့ အရပ်ပြောပြောလို့ မရပါဘူး၊ ဥပဒေအရပဲပြောရမယ်” လို့ ပြောလိုက်တာကတော့ ကိုကိုကြီးရဲ့ ပင်ကိုယ်စရိုက်ကို ဖေါ်ပြလိုက်တာပါပဲ။ NLDအစိုးရလို့ အမည် ထပ်ရည်ညွှန်း မပြောပေမယ့် NLD အစိုးရမှာပါ တာဝန်ရှိတယ်လို့ ပေါ်တင်ကြီး ပြောလိုက်တာကတော့ ‘စိတ်ကုန်တယ်’ လို့ပဲပြောလိုက်မယ်။


မဖုံးနိုင် မဖိနိုင်ဆက်ပြောလိုက်တာက နိုင်ငံတော်အင်္ဂါစဉ် အရ နိုင်ငံတော် သမ္မတ က နံပတ်တစ်တာဝန်ရှိတယ် ၊  နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က နံပတ်နှစ်တာဝန်ရှိတယ် ၊ ကာချုပ်က အင်္ဂါစဉ်(၈)ပဲတဲ့... ပြောပုံ ပြောပုံက ။” စစ်ဘက်ဆိုင်ရာ ကွပ်ကဲမှု အာဏာဟာ ကာချုပ်ဆီမှာ အပ်နှင်းထားတယ် “ တိုင်းပြည်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးဟာ တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာရှိရမယ် “ “စစ်ဘက်တရားစီရင်မှုမှာ ကာချုပ်ရဲ့ အဆုံးအဖြတ်က အပြီးအပြတ်” ဆိုတာတွေကို ၂၀၀၈ ဖွဲ့စည်းပုံမှာ သတ်မှတ်ထားပါလျက် ကိုကိုကြီးက ကာချုပ်နဲ့တပ်မှာ တာဝန်မရှိသလိုလို ပြောလိုက်တာက ကိုယ်တိုင် ဥပဒေဘေးချိတ်ပြီး အရပ်ပြောပြောနေတာပါ။



ပြည်ထောင်စု အတိုင်ပင်ခံကောင်စီမှာ အဖွဲ့ဝင်အဖြစ်ပါနေတဲ့ ကိုကိုကြီး က “တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေကို ဘီလျံနဲ့ချီသုံးပြီး အပြစ်မဲ့အရပ်သားတွေကို ကလေး၊ အဖိုးအို အဖွားအို ၊ ကိုယ်ဝန်သည် မချန် ဗုံးကြဲသတ်ဖြတ်၊ ကျေးရွာတွေကို မီးရှို့ ၊ လူငယ်တွေကို အတင်းအဓမ္မဖမ်း၊ စစ်သားအဖြစ် သေတွင်းထဲပို့ ၊ တိုင်းပြည်ကို စစ်မီးလျှံထဲပစ်ချ၊ နိုင်ငံ့ စီးပွားရေးကို ဖြိုချ”လုပ်နေကြတဲ့ မအလနဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို လူသိရှင်ကြား ဘာပြောဘူးလဲ ၊ မအလနဲ့ စစ်တပ်ရဲ့ ဒီလုပ်ရပ်တွေကမှာ ကိုယ့်အိမ်ကို မီးကွင်းပစ်တင် ရှို့နေတာပါ။


ဒါကိုမှ မရှက်မကြောက် “တတ်နိုင်သလောက် ဝင်ထိန်းပေးနေတယ်” လို့ ကိုကိုကြီးက ရုပ်တည်နဲ့ ပြောနေတော့ အင်း - ဘယ်လိုစကားလုံးရှာပြောရပါ့ ။ ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီအပါအဝင် တိုင်းပြည်မှာရှိတဲ့ အဖွဲ့အစည်းအားလုံးကို သွန်လိုသွန်.... မှောက်လိုမှောက် သောင်းကျန်းနေတဲ့ မအလဆီက ဘာကို ကိုကိုကြီး မျှော်လင့်နေတာလဲ။


ဒါပေမဲ့ ကိုကိုကြီးရဲ့ လေပေါင်ကတော့ ထိန်းမရပါပဲ။ ဆံပင်မွှေးကနေ ခြေသည်းအထိ DNA စစ်ကြည့်လိုက် တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့စိတ်က ရာနှုန်းအပြည့်တဲ့ ။ ပြည်သူတစ်ရပ်လုံးရဲ့ အတိဒုက္ခကို ကျောခိုင်း၊ တိုင်းပြည်ချောက်ကမ်းပါးထဲ ထိုးဆင်းနေတာကို လက်ပိုက်ကြည့်နေတဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင် စီဝင် ကိုကိုကြီး ကို လူထုက ဘယ်လိုလုပ် ယုံကြည်နိုင်တော့မှာလဲ။ လူထုတစ်ရပ်လုံး ရဲ့ နှလုံးသားမှာ “လူငယ်ဘဝတစ်လျှောက်လုံး အကျဥ်းထောင်ထဲ ဒုက္ခခံနေပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် ရပ်တည်ခဲ့တဲ့ ကိုကိုကြီး “ ဆိုတဲ့ ပုံရိပ်ဟာ ဇီဝိန်ချုပ်သွားပါပြီ။


ကဲကဲ - ကိုကိုကြီးရေ အမျှ အမျှ အမျှ ။     ။


လင်းယုန်နက်

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page