top of page

မင်းအောင်လှိုင်ရဲ့ပြောဆိုချက်တွေဟာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကိုတွန်းအားပေးရာရောက်နိုင်တယ်လို့ ICJ တရားရုံး စီရင်ချက်ထဲမှာ ဖော်ပြ

Writer: BVJ
BVJ
11 minutes ago
2 min read

သူရ/BVJ_ နိုဝင်ဘာ ၂၁၊ ၂၀၂၆

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံးရဲ့ ကြာသပတေးနေ့စီရင်ချက်ထဲမှာ လူတစ်ဦးတည်းရဲ့ နာမည်ကို ထပ်ခါတလဲလဲထည့်သွင်းဖော်ပြခဲ့ပါတယ်။ သူကတော့ ရိုဟင်ဂျာတွေအပေါ် စစ်ဆင်ရေးဆင်နွှဲချိန်တုန်းက စစ်တပ်ကိုဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဖြစ်ခဲ့ပြီး လက်ရှိမှာ နိုင်ငံတော်သမ္မတ အဖြစ်ရယူထားတဲ့ မင်းအောင်လှိုင်ပဲဖြစ်ပါတယ်။


အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ တွေ့ရှိချက်တွေဟာ ၂၀၁၇ ခုနှစ်အတွင်း မွတ်စလင်အများစုဖြစ်တဲ့ ရိုဟင်ဂျာ လူနည်းစုတွေအပေါ် မြန်မာစစ်တပ်ရဲ့ အဓမ္မပြုကျင့်သတ်ဖြတ်မှုစစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီး တစ်ဦးချင်းစီရဲ့ အပြစ်ထက် နိုင်ငံတော် (State) ရဲ့ တာဝန်ရှိမှုကိုသာ အဓိကထား ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်အနောက်ပိုင်းမှာ "နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး" လို့ ခေါ်တွင်တဲ့ ကာလအတွင်းမှာ‌တော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ ရိုဟင်ဂျာတွေအပေါ် ပြောဆိုခဲ့တဲ့မိန့်ခွန်းတွေကိုတော့ တရားရုံးကအတိအလင်းထောက်ပြ ဝေဖန်ခဲ့ပါတယ်။


"သတင်းထုတ်ပြန်ချက်တွေအရ ဗိုလ်ချုပ်မှူးကြီးရဲ့သတင်းစကားတွေဟာ ရိုဟင်ဂျာတွေအပေါ် အမုန်းတရားတွေ ပိုမိုကြီးထွားလာအောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိခဲ့တယ်လို့ တရားရုံးကယူဆပါတယ်" လို့ စီရင်ချက်ထဲမှာဖော်ပြထားပါတယ်။ ရိုဟင်ဂျာတွေကို "ဖြေရှင်းရမယ့် တခြား တိုင်းရင်းသားလူမျိုးစုတွေအပေါ် အကြမ်းဖက်ခြိမ်းခြောက်နေသူတွေ" အဖြစ် မင်းအောင်လှိုင်က ထပ်ခါတလဲလဲပုံဖော်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် အကြမ်းဖက်မှုတွေဖြစ်ပွားနေစဉ်ကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ "ပြောင်မြောက်တဲ့ ကြိုးပမ်းအားထုတ်မှုတွေ" ကို ချီးကျူးခဲ့သလို၊ "'ဘင်္ဂါလီ ပြဿနာ' ဆိုတဲ့ 'မပြီးပြတ်သေးတဲ့ အလုပ်' ကို 'အပြီးသတ် ဖြေရှင်းနေခြင်း'" ဖြစ်တယ်လို့ ရည်ညွှန်းပြောဆိုခဲ့တဲ့ မိန့်ခွန်းတွေကို မင်းအောင်လှိုင်ကပြောကြားခဲ့ကြောင်း တရားရုံးက ထောက်ပြပါတယ်။


မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ အာဏာရယူခဲ့ပြီး ဒီနှစ် ဧပြီလမှာတော့ အရပ်သား သမ္မတအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုရရှိဖို့ကြိုးပမ်းတဲ့အနေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ မြို့တော်တွေဆီလှည့်လည်သွားရောက်နေခဲ့တာ ဖြစ်ပါတယ်။


တရားရုံးကမင်းအောင်လှိုင်ကို "လူမျိုးတုံးသတ်ဖြတ်မှုရဲ့ အထင်ရှားဆုံး လက်သည်တရားခံ (Most prominent agent)" အဖြစ် ပုံဖော်လိုက်တာ ဖြစ်တယ်လို့ လွတ်လပ်တဲ့မြန်မာ့အရေးသုံးသပ်သူ ဒေးဗစ် မက်သီဆန် (David Mathieson)ကပြောပါတယ်။ "သူ့နာမည်ကို အကြိမ်ကြိမ် ထည့်သွင်းဖော်ပြလိုက်ခြင်းအားဖြင့် နဂိုကတည်းက ပစ်မှတ်ထားခံနေရတဲ့သူ့ကို အခုဆိုရင်ပိုပြီးတော့တောင် တည့်တည့်ကြီးပစ်မှတ်ထားခံရစေတော့မှာဖြစ်ပါတယ်" လို့ သူကဆိုပါတယ်။


နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Crisis Group) ရဲ့ အာရှရေးရာအကြီးတန်း အကြံပေး ရစ်ချတ် ဟော်ဆေး (Richard Horsey) ကလည်း ဒီစီရင်ချက်ဟာ မင်းအောင်လှိုင်တစ်ဦးချင်းစီကို ပစ်မှတ်ထားဆုံးဖြတ်တာမဟုတ်ဘူးလို့ မှတ်ချက်ပြုပါတယ်။


"ဒါပေမဲ့ ၂၀၁၇ စစ်ဆင်ရေးတွေတုန်းက စစ်တပ်ကိုသူကိုယ်တိုင်ကွပ်ကဲခဲ့တာဖြစ်သလို၊ အခုလည်း လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ကြောင်း အပြစ်ရှိတယ်လို့ဆုံးဖြတ်ခံရတဲ့ နိုင်ငံတစ်နိုင်ငံရဲ့အကြီးအကဲဖြစ်နေပါတယ်" လို့ ဟော်ဆေးက အီးမေးလ်ကနေတဆင့်ရေးသားဖြေကြားခဲ့ပါတယ်။ ဒီစီရင်ချက်ကြောင့် သူ့ရဲ့ ပြည်ပခရီးစဉ်တွေ ရပ်တန့်သွားမယ်လို့ မမျှော်လင့်ထားပေမဲ့၊ "ပုံမှန် နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖြစ်လက်ခံရဖို့ နဲ့ နိုင်ငံတကာအသိအမှတ်ပြုရဖို့ ကြိုးပမ်းနေတာကိုတော့ ပိုပြီး ခက်ခဲသွားစေလိမ့်မယ်" လို့ သူက ဆိုပါတယ်။ "အခုချိန်ကစပြီး သူ့ကို လက်ခံတွေ့ဆုံတဲ့ ဘယ်အစိုးရမဆို ဒီကိစ္စနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံရတော့မှာပါ" လို့ ဟော်ဆေးကပြောပါတယ်။

ကုလသမဂ္ဂတရားရုံးရဲ့ဆုံးဖြတ်ချက်တွေဟာ မဖြစ်မနေလိုက်နာရမယ့် အမိန့်တွေဖြစ်သလို အယူခံဝင်ခွင့်လည်းမရှိပေမဲ့၊ တရားရုံးမှာစီရင်ချက်တွေကို အတင်းအကျပ်အကောင်အထည်ဖော်နိုင်မယ့်နည်းလမ်းတော့ မရှိပါဘူး။ မင်းအောင်လှိုင် ရင်ဆိုင်ရမယ့် "ပိုပြီး ပြင်းထန်တဲ့ ဥပဒေကြောင်းဆိုင်ရာ အန္တရာယ်တွေကတခြားနေရာမှာရှိနေပါတယ်" လို့ ဟော်ဆေးက ဆိုပါတယ်။


၂၀၂၄ ခုနှစ်တုန်းက သဟိတ်ဂ် (The Hague) မြို့မှာပဲအခြေစိုက်တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရဲ့ ရှေ့နေချုပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုစွဲချက်တွေနဲ့ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ တရားသူကြီးတွေဆီတောင်းဆိုထားပါတယ်။ ဒါ့အပြင် အာဂျင်တီးနားနိုင်ငံမှာလည်း အလွန်ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ဘယ်တရားရုံးမှာမဆို စစ်ဆေးနိုင်တယ်ဆိုတဲ့ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် မူဝါဒ (Universal jurisdiction) အရ အမှုဖွင့် စစ်ဆေးနေပါတယ်။


မြန်မာနိုင်ငံဟာ သံမဏိလက်သီးလိုပြင်းထန်တဲ့ စစ်အုပ်ချုပ်ရေးသမိုင်း ကြောင်းကနေခွဲထွက်ပြီး ဒီမိုကရေစီစမ်းသပ်ကျင့်သုံးမှုစတင်ချိန် ၂၀၁၁ ခုနှစ်မှာ မင်းအောင်လှိုင်ဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့တာပါ။ သူဟာ နိုင်ငံတကာရဲ့ ချီးကျူးဂုဏ်ပြုမှုခံရတဲ့ လူထုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်မှာ ဒုတိယနေရာကနေလိုက်ပါရင်း အရပ်သားခေါင်းဆောင်တွေနဲ့ ဆယ်စုနှစ်တစ်ခုကြာ အားပြိုင်ခဲ့ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၉ ခုနှစ် ICJ ကြားနာပွဲမှာ တရားရုံးရှေ့မှောက်လျှောက်လဲခဲ့စဉ်က ဒီအမှုဟာ ရိုဟင်ဂျာတွေနှင်ထုတ်ရစေခဲ့တဲ့ ပဋိပက္ခကိုပြန်လည်မီးမွှေးသလိုဖြစ်စေနိုင်ကြောင်းနဲ့ စစ်တပ်ရဲ့ နှိမ်နင်းမှု နောက်ကွယ်မှာ "လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်" မရှိကြောင်း ပြောကြားခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်တွေဘက်ကနေ ကာကွယ်ပြောဆိုခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီးနောက် သူမရဲ့ နိုင်ငံတကာ ပုံရိပ်ဟာလည်း အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရပါတယ်။ အခု စီရင်ချက်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကိုထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။


မြန်မာဘက်ကတော့ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတာကို အမြဲတမ်းငြင်းဆိုခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဒါဇင်လောက်သေဆုံးခဲ့ရတဲ့ ဆက်တိုက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် သူပုန်တွေရဲ့ လက်နက်ကိုင်ထကြွမှုကိုသာ ပစ်မှတ်ထားနှိမ်နင်းခဲ့တာဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။


မင်းအောင်လှိုင်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်တွေကို အမြဲတမ်း အခိုင်အမာငြင်းဆိုခဲ့ပေမဲ့၊ အမေရိကန် ပြည်ထောင်စုက "လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှု (Ethnic cleansing)" လို့ သတ်မှတ်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံခဲ့ရပါတယ်။ မဖြစ်မနေ အငြိမ်းစားယူရမယ့်အချိန်ရောက်ဖို့လပိုင်းအလိုမှာ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီးနောက်မှာတော့ သူဟာနောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေထပ်မံခံခဲ့ရသလို မြန်မာနိုင်ငံဟာလည်း နိုင်ငံတကာအသိုက်အဝန်းရဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖယ်ကျဉ်ခြင်းကိုခံခဲ့ရပါတယ်။


အဲဒီအာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ရပြီး ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ (ACLED) ရဲ့ ခန့်မှန်းချက်အရ နှစ်ဖက်စလုံးက လူပေါင်း ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

ခရက်ဒစ် - The Japan Times

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page