ICJရဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစီရင်ချက်အပေါ် စစ်အုပ်စုနိုင်ငံခြားရေးဌာန ကန့်ကွက်

သူရ/BVJ_နိုဝင်ဘာ ၂၀၊ ၂၀၂၆

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ချမှတ်လိုက်တဲ့စီရင်ချက်အပေါ် အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ဂမ်ဘီယာနိုင်ငံကတရားစွဲဆိုခဲ့တဲ့ ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကစလို့ ၇ နှစ်တာကာလအတွင်း တရားရင်ဆိုင်မှုမှာ ရိုးဖြောင့်စွာနဲ့ ပါဝင်ခဲ့ပြီး၊ ကြားဖြတ်စီမံဆောင်ရွက်ချက် အစီရင်ခံစာ ၁၃ စောင် တင်သွင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဓိကအချက်ဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခြင်း ရှိ/မရှိ ဆိုတာကို ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲနဲ့ အများစုမဲနဲ့ ဆုံးဖြတ်ခဲ့တဲ့အပေါ် အလွန်အမင်း စိတ်ပျက်အားလျော့မိကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။ တရားသူကြီး ၆ ဦးက သဘောထားကွဲလွဲချက်တွေ ထုတ်ဖော်ခဲ့ကြပြီး၊ အထူးသဖြင့် FFM နဲ့ NGOs တွေရဲ့ အစီရင်ခံစာတွေဟာ တရားရုံးမှာသက်သေပြရမယ့် အမြင့်ဆုံးစံနှုန်း (Standard of Proof) နဲ့ ကိုက်ညီမှု မရှိဘူးလို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းပဋိပက္ခတွေဟာ လူမျိုးတုံးသတ်ဖြတ်လိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာမဟုတ်ဘဲ၊ ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ခဲ့တဲ့ ကန့်ကတ်ထိန်းချုပ်ထားတဲ့ စစ်ဆင်ရေးတွေသာဖြစ်ကြောင်း ဥပဒေကြောင်းအရ လျှောက်လဲတင်ပြခဲ့ပေမဲ့ တရားရုံးကထည့်သွင်းစဉ်းစားခြင်းမရှိတာဟာ ဝမ်းနည်းစရာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်ကနေရပ်စွန့်ခွာသူများကို စိစစ်လက်ခံရေးနဲ့ နေရပ်ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်တွေကို နိုင်ငံအချုပ်အခြာအာဏာမထိခိုက်စေဘဲ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်အရေးကိစ္စဟာ ပြည်တွင်းရေးသက်သက်သာ ဖြစ်တာကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုလေးစားပေးဖို့နဲ့ ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်ကြဖို့ တိုက်တွန်းထားပြီး၊ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အချိန်ယူအလေးထား လေ့လာသွားမယ်ဆိုပြီး ထုတ်ပြန်လာပါတယ်။



Comments