အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို အာဂျင်တီးနားတရာရုံး ဖမ်းဝရမ်းထုတ်
- BVJ

- Feb 14, 2025
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၅

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်ကြောင်း Burmese Rohingya Organisation UK (BROUK) က ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် စစ်ကောင်စီအဖွဲ့ဝင် (၂၃)ဦးကို အာဂျင်တီးနားနိုင်ငံ Buenos Aires တရားရုံးက မနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ဖမ်းဝရမ်းထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။
"ဒါဟာ မြန်မာစစ်တပ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေနဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရဖို့ သမိုင်းဝင်ခြေလှမ်းတစ်ခုပါပဲ" လို့ BROUK ရဲ့ ဥက္ကဌ ဦးထွန်းခင်က ပြောပါတယ်။
နှစ်ပေါင်းများစွာ ကြုံတွေ့ခံစားလာရတဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ သူတို့ရဲ့ ယဉ်ကျေး ဓလေ့ထုံးစံ ဖျက်ဆီးခံခဲ့ရတာတွေ၊ လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့ ပိုမိုဆိုးရွားတဲ့ အကြမ်းဖက်မှုတွေအတွက် အခုလို ဖမ်းဝရမ်းထုတ်တရားမျှတမှုရဲ့ အောင်ပွဲတခုဖြစ်တယ်လို့လည်း ဆိုပါတယ်။
အာဂျင်တီးနားတရားရုံးက စစ်ကောင်စီခေါင်းဆောင်တွေကို အခုလို ဖမ်းဝရမ်းထုတ်ခဲ့တာနဲ့ပတ်သက်ပြီး ဒါဟာ ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးဆိုတာကို မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ ရှင်းရှင်းလင်းလင်း သတင်းစကားပေးနိုင်ခဲ့တာဖြစ်တယ်လို့ ဦးထွန်းခင်က ဆက်ပြောပါတယ်။
စစ်ခေါင်းဆောင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို တရားစွဲဆိုနိုင်ဖို့အတွက် ရိုဟင်ဂျာအရေး ဦးဆောင်လှုပ်ရှားနေတဲ့ BROUK နဲ့ ဦးထွန်းခင်တို့က ၂၀၁၉ ခုနှစ်ကတည်း အာဂျင်တီနားတရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ထောက်ပံ့ကူညီမှုတွေ ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်ကလည်း နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ရှေ့နေ ကာရင်မ်ခန်းကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC တရားရုံးကို အမှုဖွင့်တိုင်ကြားထားပါတယ်။




Comments