သင်္ကြန်အကြိုရက်မှာ ကျောက်တော်နဲ့ ကောလင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
- BVJ
- Apr 24
- 1 min read
BVJ/Moore _ ဧပြီ ၁၃ ၊ ၂၀၂၅

မြန်မာနှစ်သစ်ကူး သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက် မနက်ပိုင်းမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ခြမ်း ညောင်ကုန်းရွာကို ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဓာတ်ဆီရောင်းချတဲ့နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း Kawlin Info တာဝန်ရှိသူတစ်ဦးထံက သိရပါတယ်။
“ဓာတ်ဆီနဲ့ ရေနံဆီရောင်းတဲ့အိမ် ပျက်စီးသွားတယ်။ သေဆုံးသူတော့ မရှိပါဘူး။ ကောလင်းကို သူတို့ (စကစ) ဒီရက်ပိုင်းထဲ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတာ” လို့ Kawlin Info တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခုဧပြီ ၉ ရက်နေ့က ဒီနေ့ ဧပြီ ၁၃ ရက်အထိ စစ်ကောင်စီက ကောလင်းခရိုင်အတွင်းက ကျေးရွာတွေကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေတာကြောင့် ၅ ရက်အတွင်း အရပ်သားပြည်သူ သေဆုံးမှု ၂၉ ဦးအထိရှိလာပြီး ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်အထိရှိခဲ့တယ်လို့ သိရပါတယ်။
ငလျင်ဘေးဒဏ်ကြောင့် အပစ်အခတ်ရပ်နားထားကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီက ဒီနေ့ ဧပြီ ၁၃ ရက် မနက် ၉ နာရီဝန်းကျင်မှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ ရွာမရပ်ကွက်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ရခိုင်ဒေသတွင်း သတင်းဌာနများက ဖော်ပြထားပါတယ်။
မတ်လ ၂၈ ရက် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း နှစ်ပတ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇၂ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူ သေဆုံးမှု ၁၀၅ ဦးအထိရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ၁၀၂ ဦးရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့ ဧပြီ ၁၂ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ထားပါသေးတယ်။
Comments