ကျောင်းသားတော်လှန်ရေးတပ်တော် NUG၊ COCအောက်ဝင်ဖို့ သဘောတူ
- BVJ

- 2 hours ago
- 1 min read
မိုနာ/BVJ_မေ ၂၉၊ ၂၀၂၆

ကျောင်းသားတော်လှန်ရေးတပ်တော်-SRFအနေနဲ့ NUGအစိုးရရဲ့၊ COCအောက်မှာတော်လှန်ရေးဆက်လက်လုပ်ကိုင်သွားဖို့ အပါအဝင် အချက်သုံးချက်ကို နှစ်ဖက်အဖွဲ့အစည်းကြားသဘောတူညီမှုရခဲ့တယ်လို့ မင်းကင်းပအဖနဲ့ SRFတို့က ဒီနေ့ မေ၂၉ရက်မနက်မှာ ပူးတွဲထုတ်ပြန်ကြေညာပါတယ်။
SRFနဲ့မင်းကင်းပအဖတို့ကြားဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး မနေ့က မေ ၂၈ရက်၊ ညနေ၆း၂၀အချိန်မှာ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကလေးခရိုင်တပ်ရင်းက တာဝန်ရှိသူတွေနဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)က ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ စံတင်ထွန်း၊ အထွေထွေအတွင်းရေးမှူး ၊ နိုင်ငံရေးတာဝန်ခံနဲ့အဖွဲ့တွေ မြေပြင်တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ပြီးနောက် နှစ်ဖက်အဖွဲ့အစည်းအနေနဲ့ သဘောတူညီချက်ရရှိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အဲ့ဒီသဘောတူညီချက်တွေထဲမှာ မင်းကင်းအဖွဲ့တွေကလက်ရှိဖမ်းဆီးထားတဲ့ SRFရဲဘော်တွေထဲကအပြစ်မရှိသူတွေကို ပြန်လွှတ်ပေးဖို့၊ အမှုဖွင့်တိုင်ခံထားရတဲ့ SRFရဲ့ဘော်တွေကို NUGရဲ့ဥပဒေဘောင်ထဲဖြေရှင်းသွားဖို့နဲ့ SRFတပ်တော်က အပြစ်မကျူးလွန်ထားတဲ့ရဲဘော်တွေအနေနဲ့ NUG COCအောက်ဝင်ပြီး တော်လှန်ရေးဆက်လုပ်သွားဖို့ဆိုပြီး ပါဝင်ပါတယ်။
ဒါ့အပြင် နှစ်ဖက်အဖွဲ့အစည်းကြားလက်ရှိပဋိပက္ခဟာ SRFတပ်တော်ကိုဖြိုခွင်းခြင်းမဟုတ်ဘဲ ပြည်သူတွေအမှုဖွင့်တိုင်ကြားသူတွေကိုဥပဒေအရ ဆောင်ရွက်ခြင်းသာဖြစ်ပြီး နှစ်ဖက်အဖွဲ့အစည်းပြဿနာပိုကြီးထွားဖို့ လှုံ့ဆော်ရေးသားထုတ်ပြန်ဖြန့်ဝေနေတာတွေဟာ သူတို့ရဲ့အာဘော်မဟုတ်ဘူးလို့လည်း ပူးတွဲထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
လက်ရှိမှာNUGအစိုးရကို အသိအမှတ်ပြုလက်ခံပြီး မင်းကင်းမြို့နယ်အတွင်းမှာတော်လှန်ရေးလုပ်ငန်းတွေဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း SRFနဲ့မင်းကင်းပအဖတို့ကပူးတွဲထုတ်ပြန်ပါတယ်။

SRFနဲ့မင်းကင်းပအဖတို့ကြားမိတ်ဘက် ပဋိပက္ခနဲ့ပတ်သက်ပြီးညှိနှိုင်းဖြေရှင်းနေကြချိန်မှာပဲ အခုလ မေ ၂၆ရက်မှာ မင်းကင်းပကဖဟာ SRFဥက္ကဋ္ဌကိုစံတင်ထွန်းကိုဖမ်းဆီးပြီးနောက် SRFရဲ့စစ်ရေးနယ်မြေ ဒေသ(၄)က ရန်သူနဲ့အနီးဆုံးစစ်ဆိုင်ထားတဲ့ပွိုင့်ကုန်းကို အင်အားသုံးပစ်ခတ်စီးနင်းပြီး ရဲဘော်(၉)ဦးကိုဖမ်းဆီးသွားခဲ့ပါတယ်။

အဲ့ဒီနောက် SRFကရဲဘော်တွေကိုတိုင်ကြားထားတဲ့ အမှုပေါင်း ၈ ခုထက်မနည်းရှိတာကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း မင်းကင်းပအဖကလည်းထုတ်ပြန်ခဲ့သလို မင်းကင်းပအဖက SRFတပ်ကိုဖြိုခွဲနေကြောင်းနဲ့ ဒီကိစ္စကိုNUGကြားဝင်ဖြေရှင်းပေးဖို့ဆိုပြီး SRFကလည်းထုတ်ပြန်ခဲ့ပါတယ်။
SRFဥက္ကဌအင်အားသုံးဖမ်းဆီးခံရမှု၊ အဲ့ဒီဖမ်းဆီးမှုအတွင်း ပြည်သူထိခိုက်နစ်နာမှုတွေအတွက်ရှုတ်ချကြောင်းနဲ့ နှစ်ဖက်အဖွဲ့အစည်းကြားဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး လက်နက်နဲ့မဖြေရှင်းဘဲစားပွဲဝိုင်းမှာညှိနှိုင်းအဖြေရှာကြဖို့ဆိုပြီး ဒေသတွင်းတပ်ဖွဲ့တွေဖြစ်တဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF၊ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDO/PDA)တို့ မေ ၂၇ရက်မနက်မှာထုတ်ပြန်ခဲ့သလို စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ-GSCအပါအဝင် တော်လှန်ရေးအဖွဲ့အစည်း ၁၆ ဖွဲ့ကလည်း ဒီကိစ္စကို NUGအစိုးရဝင်ရောက်ဖြေရှင်းပေးဖို့နဲ့ တိကျတဲ့အဖြေမထုတ်ပေးနိုင်ရင် NUGရဲ့ တရားဝင်မှုကိုဆက်လက်ကာကွယ်ပေးမှာမဟုတ်ဘူးလို့ မနေ့က မေ ၂၈ရက်မှာ သဘောထားထုတ်ပြန်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊တမူးဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်-NLAဟာ NUG၊MODရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF လက်အောက်ကိုကူးပြောင်းခဲ့ပါတယ်။ မကူးပြောင်းခင် မတ်လပထမပါတ်အတွင်းမှာတော့ NLAခေါင်းဆောင်ကိုဇီးကွက်နဲ့ ရဲဘော်အချို့ကို NUGတပ်ဖွဲ့ကဖမ်းဆီးမှုတွေရှိခဲ့ပါသေးတယ်။
NUGအနေနဲ့ MODကွပ်ကဲမှုအောက်မရောက်ရှိသေးတဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကိုလည်း ကွပ်ကဲမှုအောက်ရောက်ရှိရေးဆက်လက်စည်းရုံးသွားမှာဖြစ်သလို ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်လည်း အစဉ်အမြဲကြိုဆိုစည်းရုံးတယ်လို့လည်း NUGက အခုနှစ်ဆန်းပိုင်းမှာထုတ်ပြန်ထားပါတယ်။




Comments