NUGကြားဝင်ဖြေရှင်းပေးဖို့ SRFတောင်းဆို
- BVJ

- May 28
- 1 min read
SRFတပ်ဖွဲ့ကိုဖြိုခွင်းတာမဟုတ်ဘဲ အပြစ်ကျူးလွန်သူတွေကိုသာဖမ်းဆီးတာလို့ မင်းကင်းပအဖ ထုတ်ပြန်
မိုနာ/BVJ_မေ ၂၈၊ ၂၀၂၆

ကျောင်းသားတော်လှန်ရေးတပ်တော်-SRFနဲ့ မင်းကင်းမြို့နယ် ပကဖ၊ပအဖတို့ကြားဖြစ်ပေါ်နေတဲ့မိတ်ဖက်ပဋိပက္ခကို အမျိုးသားညီညွတ်ရေးအစိုးရ-NUGကကြားဝင်ဖြေရှင်းပေးဖို့ဆိုပြီး SRFက မနေ့က မေ ၂၇ရက်မှာတောင်းဆိုလာပါတယ်။
လက်ရှိမှာ မင်းကင်းပကဖအနေနဲ့ SRFဥက္ကဋ္ဌကိုစံတင်ထွန်းကိုဖမ်းဆီးပြီး မေလ (၂၆)ရက်နေ့မှာပဲ SRFရဲ့စစ်ရေးနယ်မြေ ဒေသ(၄)က ရန်သူနဲ့အနီးဆုံးစစ်ဆိုင်ထားတဲ့ပွိုင့်ကုန်းကို မင်းကင်းမြို့နယ် ပကဖက အင်အားသုံးပစ်ခတ်စီးနင်းမှုပြုလုပ်ခဲ့ကြောင်းနဲ့ အဲ့ဒီစီးနင်းမှုအတွင်းမှာ ရဲဘော်(၉)ဦးကိုဖမ်းဆီးသွားခဲ့ပြီး ရှေ့တန်းအတွက်ဖြည့်တင်းထားတဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းယူဆောင်သွားတယ်လို့ SRFက မနေ့ကညပိုင်းမှာ နောက်ဆက်တွဲထပ်မံထုတ်ပြန်ပါတယ်။
အဲ့ဒီနေရာကနေရန်သူကထိုးဖောက်နိုင်ခြေရှိတာကြောင့် ဒေသလုံခြုံရေးစိုးရိမ်ရသလို ဒေသ(၄)က လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ကျန်ရဲဘော်တွေလည်းတိမ်းရှောင်နေရကြောင်းနဲ့ တိမ်းရှောင်နေတဲ့ရဲဘော်တွေရဲ့မိသားစုတွေကိုလည်း မင်းကင်းမြို့နယ် ပကဖအဖွဲ့ကဖမ်းဆီးဖို့ ခြိမ်းခြောက်တာတွေရှိနေတယ်လို့လည်း ဆိုထားပါတယ်။
"ထွက်ပြေးတိမ်းရှောင်နေသောရဲဘော်များကိုလည်း ဝေဟင်မှ ဒရုန်းများအသုံးပြု၍ လိုက်ရှာခြင်း ၊ မြေပြင်မှနယ်မြေနင်းရှာဖွေမှုများဖြင့် ရန်သူသဖွယ်လုပ်ဆောင်နေကြပါသည်။ ထိုဒေသ (၄)ရှိကျေးရွာများတွင် စတားလင့်ခ် ဖြတ်တောက်ခြင်းလည်း ပြုလုပ်ထားသည်"လို့ SRFက ပြောထားပါတယ်။
SRFနဲ့ပတ်သက်ပြီး မင်းကင်းမြို့နယ်ပအဖကလည်း မနေ့က မေ ၂၇ရက်မှာ ကြေညာချက် ထုတ်ထားပါတယ်။

အဲ့ဒီထဲမှာ SRFအနေနဲ့အခြေစိုက်ဒေသက ပြည်သူတွေကိုဥပဒေမဲ့ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ရပ်ကျေးပကဖ၊ပအဖတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကိုယ်ပိုင်တရားစီရင်ရေးတွေနဲ့ စီရင်ပြစ်ဒဏ်ချမှတ်ခြင်း၊ အသက်၁၈နှစ်မပြည့်သေးတဲ့ပြည်သူတွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းခြင်း၊ လက်နက်ကိုင်ပြီး ပြည်သူတွေကိုညှင်းပန်းနှိပ်စက်တာတွေပြုလုပ်နေတာတွေကို တိုင်ကြားလာတဲ့အမှုပေါင်း ၈ ခုကျော်ရှိလာတာကြောင့် ကလေးခရိုင်ကွပ်ကဲရေးနဲ့မင်းကင်းမြို့နယ်အဖွဲ့အစည်းတွေစုပေါင်းပြီး ကျူးလွန်နေသူတွေကိုအရေးယူနိုင်ရေးဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဥပဒေအရဖြေရှင်းဖို့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လာရောက်ဖြေရှင်းတာမရှိတဲ့အတွက် အခု မေလ ၂၅ရက်ညနေမှာဖမ်းဆီးဖို့ကြိုးစားခဲ့ပေမယ့် ပြည်သူတွေထိခိုက်မှာစိုးတာကြောင့် မဖမ်းနိုင်ခဲ့ကြောင်း၊ နောက်တရက် ၂၆ရက်နေ့မှာတော့ SRFတပ်ဖွဲ့နားကပြည်သူတွေကို လူစုခွဲပေးဖို့တောင်းဆိုခဲ့ပြီး SRFတပ်ဖွဲ့ကိုလည်း ပြစ်မှုကျူးလွန်သူတွေကို ညနေငါးနာရီနောက်ဆုံးထားအပ်ပေးဖို့ပြောခဲ့ပေမယ့် လာမအပ်တဲ့အတွက်သွားရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မင်းကင်းပအဖက ထုတ်ပြန်ပါတယ်။

"ဖမ်းဆီးထိန်းသိမ်းရာတွင် ပြည်သူအချို့မှတားဆီးနှောက်ယှက်ခြင်းကြောင့် သေနတ်များမိုးပေါ်သို့ ချိန်ရွယ်ပစ်ဖောက်ကာ အခြေအနေအားထိန်းသိမ်းခဲ့ရပြီး မည်သည့်ပြည်သူတစ်ဦးတစ်ယောက်ကိုမျှ ချိန်ရွယ်ပြီးသေနတ်ပစ်ဖောက်ခဲ့ခြင်းမရှိပါ"လို့ မင်းကင်း ပအဖအဖွဲ့က ပြောထားပါတယ်။
လက်ရှိမှာ SRFတပ်ဖွဲ့အဓိကတာဝန်ရှိသူကိုဖမ်းဆီးထားပြီး တရားဥပဒေအတိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို ကျန်ပြစ်မှုကျူးလွန်သူတွေကိုလည်းဆက်ဖမ်းဆီးသွားမှာဖြစ်ကြောင်းနဲ့ အခုလိုဖမ်းဆီးခြင်းဟာ SRFတပ်ဖွဲ့ကိုဖြိုခွင်းတာမဟုတ်ဘဲ ပြစ်မှုကျူးလွန်သူတွေကိုပဲဖမ်းဆီးတာဖြစ်ပြီး SRFတပ်ဖွဲ့ကလက်ရှိရဲဘော်တွေအနေနဲ့ မင်းကင်းမြို့နယ်NUG အုပ်ချုပ်ရေးယန္တရားအောက်မှာပူးပေါင်းဆောင်ရွက်ကြဖို့ဆိုပြီး ကြေညာပါတယ်။
SRFတပ်ဖွဲ့ကတော့ "မင်းကင်းမြို့နယ် ပကဖ မှ ၎င်းတို့ စွပ်စွဲသည့် ပြစ်မှုကျူးလွန်ထားသူဟု ဆိုထားသူများကိုသာ ဖမ်းဆီးမည်ဟု ထုတ်ပြန်ထားသော်လည်း လက်ရှိအခြေအနေအရ ၎င်းတို့၏ လုပ်ဆောင်နေမှုများသည် ကျွန်ုပ်တို့ တပ်တော်အား ရန်သူသဖွယ်သဘောထား၍ ပစ်ခတ်ဖမ်းဆီးချေမှုန်းလာခြင်းသာဖြစ်သည်"လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာလည်း ဥက္ကဋ္ဌအပါအဝင် ရဲဘော်(၁၆)ယောက်အထိဖမ်းဆီးခံထားရတာကြောင့် အခုလိုလုပ်ဆောင်နေတာတွေဟာ အမှန်တကယ် NUGရဲ့မူဝါဒလမ်းစဉ်လားဆိုပြီး SRFကမေးခွန်းထုတ်ထားပါတယ်။

ဒါကြောင့် NUGအနေနဲ့ အမှန်တကယ်ညီညွတ်ရေးကိုရှေးရှုပါက မိတ်ဖက်ပဋိပက္ခကို စားပွဲဝိုင်းမှာသာ ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းဖြေရှင်းပေးဖို့တောင်းဆိုထားပြီး တပ်တော်အနေနဲ့ NUGရဲ့ကြားဝင်ဖြေရှင်းပေးမှုကိုလိုလားလက်ခံသလို သမာသမတ်ကျတဲ့နည်းဥပဒေအတိုင်း စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့အသင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
SRFအနေနဲ့ အခုထုတ်ပြန်စာကို NUGနဲ့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCCတို့ကိုလည်း ပေးပို့ထားတယ်လို့သိရပါတယ်။
SRFနဲ့မင်းကင်းပအဖ၊ ပကဖတို့ကြားကပဋိပက္ခနဲ့ပတ်သက်ပြီး NUGရဲ့သဘောထားကို NUGဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို Burma VJကဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။




Comments