သံတောင်ကြီးက စစ်ကောင်စီ သပြေညွန့်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းယူ
- BVJ

- Mar 19, 2025
- 1 min read
BVJ/အိုင်းရစ် _ မတ် ၉ ၊ ၂၀၂၅

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သပြေညွန့်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ သပြေညွန့်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့တယ်လို့ KNLA ဗဟိုဌာနချုပ်က ဒီနေ့ မတ်လ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၇၃ ခြေလျင်တပ်ရင်း (ခလရ) က အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ သပြေညွန့်စခန်းကို KNLA ပူးပေါင်းတပ်တွေက မနေ့ မတ်လ ၈ ရက်မှာ သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီထံက လက်နက်ခဲယမ်းအချို့ စစ်ဘက်အသုံးအဆောင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကရင်ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားသလို တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကိုလည်း Burma VJ ကို ပြောပါတယ်။
"အသေးစိတ် မသိနိုင်ပါဘူးခင်ဗျ။ သပြေညွန့်တပ် စခန်း KNLA ပူးပေါင်းတပ်တွေလက်ထဲ ကျသွားတာကိုတော့အတည်ပြုလို့ရပါတယ်" လို့ ပြောပါတယ်။
သပြေညွန့်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ လေကြောင်းပစ်ကူပေးခဲ့သလို အနီးဝန်းကျင်ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။




Comments