top of page

သွေးစွန်းအကျည်းတန်ခဲ့ရတဲ့ ပဲခူးမြို့ရဲ့ အရုဏ်ဦး

  • Writer: BVJ
    BVJ
  • Apr 18
  • 2 min read

■ ဇေယျာဦး၊ ဇော်



ဆန္ဒပြတဲ့သူ ၈၀ ကျော် သေဆုံးမှုဖြစ်ပွားခဲ့တဲ့ လွန်ခဲ့တဲ့လေးနှစ် ၂၀၂၁ ခုနှစ် ဧပြီ ၉ ရက်ကို ပဲခူးမြိုကသူတွေ မေ့နိုင်ကြဦးမယ်မထင်ပါဘူး။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်မဲ့ အရပ်သားပြည်သူတွေကို စစ်ကောင်စီလက်ပါးစေတပ်က ပဲခူးမြို့က လမ်းပေါ်မှာ ရက်ရက်စက်စက်သတ် ဖြတ်ခဲ့တာ အခုဆို ၄ နှစ်တင်းတင်း ပြည့်သွားပါပြီ။


ဧပြီ ၉ ရက် တစ်ရက်ထဲမှာတင် ဆန္ဒပြပြည်သူ ၈၆ ဦးကို မြန်မာစစ်တပ်က ရက်ရက်စက်စက် ပစ်သတ်ခဲ့မှုဟာ နိုင်ငံတကာက အလေးထားအာရုံစိုက်ခဲ့ရတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ဆောင်မှုတွေကို စနစ်တကျ အသေးစိတ် မှတ်တမ်းပြုစုထားခဲ့တာတွေ ရှိပါတယ်။


 အဲဒီဖြစ်စဉ်ကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ ပဲခူးမြို့အရှေ့ခြမ်းမှာ နေထိုင်တဲ့ ကိုမင်းမင်းအတွက်က မနေ့တစ်နေ့ကကြုံခဲ့ရသလိုမျိုး အခုအချိန်ထိ စိတ်ထဲမှာ ခြောက်လှန့်နေဆဲပါ။ ရက်ရက်စက်စက် ပစ်ခတ်မှုတွေကြား အသက်လုပြေးရင်း ဒဏ်ရာရတဲ့သူတွေ သေဆုံးသွားတာတွေကို သူကိုယ်တိုင် မျက်မြင်ကြုံခဲ့ရပါတယ်။


“မနက် ၄ နာရီခွဲလောက်မှာ စစ်တပ်က စဝင်တာ။ ၅ နာရီခွဲလောက်ရောက်တော့ မဂ္ဂတစ်ခံတပ် (သဲအိတ်တွေကားရံထားတဲ့နေရာ) ပေါက်သွားတယ်။ အာပီဂျီနဲ့ပစ်တယ်။ ပြီးတော့ ခံတပ်ပေါက်သွားတဲ့ မဂ္ဂတစ်ကနေ သူတို့ဝင်လာတယ်။ ဆံတော်တွင်းလမ်းထဲကနေ ဝင်တယ်။ နောက်တစ်ခုက ပုဏ္ဏားစုဘက်ကနေ ဝင်တယ်။ သူတို့ ဝင်လာတဲ့အချိန်မှာ တွေ့ရာမြင်ရာကို အကုန်ပစ်တာ” လို့ ၂၀၂၁ ဧပြီ ၉ ရက်နေ့မှာ သူကြုံခဲ့ရတဲ့ ထိတ်လန့်စရာကောင်းတဲ့ ပဲခူးမြို့က အဖြစ်အပျက်ကို ကိုမင်းမင်းက ပြန်ရှင်းပြပါတယ်။


ပဲခူးမြို့မှာ ဆန္ဒပြတဲ့သူတွေကို စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီလကုန်နဲ့ မတ်လကတည်းက အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးမှုတွေ လုပ်ဆောင်လာတာကြောင့် ဆန္ဒပြလူငယ်တွေဟာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့အတွက် လေသေနတ်နဲ့ မိုလိုတော့တွေကို ကိုင်ဆောင်ထားလာကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဝင်လာချိန်မှာတော့ ခုခံကာကွယ်ရင်း အသက်လုပြေးခဲ့ရပါတယ်။



“သူတို့စပစ်တဲ့အချိန်မှာ ရရာလက်နက်လေးတွေဆွဲပြီး ခုခံနိုင်သလောက် ခုခံမယ်ဆိုပြီး ကျွန်တော်တို့ ထွက်ခဲ့ကြတယ်။ သူတို့ ဘက်က ဘယ်လောက်အထိတောင် ပစ်လဲဆိုရင် သေနတ်ကျည်တွေ အနားကဖြတ်သွားတဲ့အသံကိုပါ ကြားနေရတယ်။ လက်နက်ကြီး စပစ်တာက ၅ နာရီခွဲလောက်မှာ စပစ်တာ။ မဂ္ဂတစ်ခံတပ်ပြိုတော့ ကျွန်တော်က ဥဿာသီရိရပ်ကွက်က ၅ လမ်းထဲမှာ။ မဂ္ဂတစ်ခံတပ် ပေါက်သွားတော့ ပြေးလာတဲ့ သူငယ်ချင်းက ကျွန်တော့်ကို လွတ်အောင်ပြေးလို့ပြောတယ်။ သူ့အဖေနဲ့ အစ်ကိုလည်း ပါသွားပြီလို့ ပြောတော့ အားလုံးပြေးရတယ်”


ဧပြီ ၉ ရက်ရဲ့ မနက်အရုဏ်ဦးဟာ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် အကျည်းတန်မှုတွေ စတင်ခဲ့ရပါတယ်။ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကားအစီးရေ ၃၀ ဝန်းကျင်ဟာ ပဲခူးမြို့အရှေ့ခြမ်း ဆန္ဒပြနေတဲ့နေရာတွေကို ပိတ်ဆို့ပြီး ရက်ရက်စက်စက် ပစ်ခတ်ခဲ့ပါတယ်။ ပဲခူးအရှေ့ခြမ်း အင်းဝင်၊ ဥဿာသီရိ၊ ပုဏ္ဏားစု၊ ရှင်စောပု၊ မှော်ကန်ဘက်တွေမှာ ဧပြီ ၉ ရက်ရဲ့ နံနက်ခင်းဟာ ထိတ်လန့်တုန်လှုပ်ဖွယ် နေ့ရက်တစ်ခုနဲ့ကြုံခဲ့ရပါတယ်။


ဧပြီ ၉ ရက်နေ့ဖြစ်ရပ်ဟာ တစ်ရက်ထဲ လူရာဂဏန်းနီးပါးအထိ သေဆုံးခဲ့ပြီး မြို့ပေါ်မှာ စစ်ပွဲတစ်ခုပုံစံ စစ်ရေးပုံဖော်ပြီး ဗျူဟာကျကျ ထိုးစစ်ဆင်ခဲ့တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်သတင်းဌာန ဝါရှင်တန်ပို့စ်ကလည်း ဒီဖြစ်ရပ်ကို အသေးစိတ် သရုပ်ခွဲဆန်းစစ်ခဲ့ပြီးနောက် ပဲခူးမြို့ဖြစ်ရပ်ဟာ “လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု” လို့တောင် သုံးနှုန်းခဲ့ပါတယ်။


ဧပြီ ၉ ရက် မနက်ပိုင်း ၄ နာရီခွဲဝန်းကျင်မှာ ပစ်ခတ်မှု စတင်ခဲ့ပြီး ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီက ဆန္ဒပြနေရာတွေကို ရှင်းလင်းခဲ့ပါတယ်။ ရပ်ကွက်အတွင်း လမ်းကြားတွေအထဲအထိပါ ဝင်လာတာကြောင့် ပစ်ခတ်မှုစတင်ပြီး နာရီပိုင်းအတွင်းမှာ စစ်ပွဲပုံစံ ဗျူဟာကျကျ ဖော်ဆောင်ခဲ့တဲ့ပုံစံမျိုးကို မြင်တွေ့ခဲ့ရပြီး စစ်ပွဲအလယ်တည့်တည့်ကို ရောက်သွားသလိုမျိုးကြုံ ခဲ့ရတယ်လို့ ကိုမင်းမင်းက ပြော ပါတယ်။



ပစ်ခတ်မှုအတွင်း သေဆုံးသူတွေကို စစ်ကောင်စီက သူတို့ကိုယ်တိုင် သယ်ယူတာမျိုးမရှိဘဲ အနီးဝန်းကျင်အိမ်တွေထဲမှာရှိတဲ့ ပြည်သူတွေကို လက်နက်နဲ့ ခြိမ်းခြောက်ခေါ်ဆောင်ကာ သေဆုံးအလောင်းတွေကို မြေသယ်ကားတွေပေါ် တင်ခိုင်းတာ၊ နီးစပ်ရာ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ စုပုံခိုင်းတာမျိုးတွေ လုပ်ခိုင်းတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။


“သူတို့ ပစ်ခတ်မှုမှာ သေတဲ့သူတွေလည်းရှိတယ်။ သေနတ်ပစ်ခံရလို့ မသေဘဲ ဒဏ် ရာရနေတဲ့သူတွေလည်း ရှိတယ်။ ခြေထောက်တို့ လက်တို့ ထိထားတဲ့သူတွေကိုပါ သေတဲ့သူတွေနဲ့ရောပြီး ပုံထားတာမျိုးတွေ။ အဲဒါကြောင့်လည်း အယောက် ၈၀ ကျော် သေသွားတာ၊ ပြီးတော့ သူတို့က သေတဲ့သူရော မသေတဲ့သူတွေရော အကုန်ရောပြီး ဖောကား (မြေသယ်ကား)ပေါ် တင်ခိုင်းတာ” လို့ ကိုမင်းမင်းက ဧပြီ ၉ ရက် သူ ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့အခြေအနေကို ပြောပြပါတယ်။


စစ်တပ်အာဏာသိမ်းတာကို လက်မခံဘဲ ဆန္ဒပြသူတွေကို ပဲခူးမြို့ အခြေစိုက် တပ်မ ၇၇ လက်အောက်ခံတပ်ရင်း စစ်ကောင်စီတပ်သားတွေက သာမန်ရိုင်ဖယ်ထက် ပိုမိုအားပြင်းတဲ့ ရိုင်ဖယ်သေနတ်တွေသုံးခဲ့သလို ၄၀ မမ ဗုံးသီးတွေ၊ အာပီဂျီလက်နက်ကြီးတွေကိုလည်း အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို စနစ်တကျ ပစ်မှတ်ထားပြီး သတ်ကွင်းထဲမှာ မြင်မြင်ရာ ပစ်သတ်ခဲ့တာကြောင့် စစ်ဆင်ရေးချေမှုန်းမှု ပုံစံအတိုင်း လုပ်ဆောင်သွားမျိုးဖြစ်တယ်လို့ ဝါရှင်တန်ပို့စ်က How Myanmar’s military terrorized its people with weapons of war ဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။


၂၀၂၁ ခုနှစ် ဧပြီ ၉ ရက်မှာ သွေးစွန်းခဲ့တဲ့ မနက်အရုဏ်ဦးဟာ ဒီလောက်ထိ ဖြစ်ရပ်ဆိုးလိမ့်မယ်လို့ ကိုမင်းမင်းတို့ လူငယ်တွေ မထင်ထားခဲ့ကြပါဘူး။ သာမန်အားဖြင့် ဆန္ဒပြပွဲ အဓိကရုဏ်းနှိမ်နင်းရေး လုပ်ဆောင်မှုလောက် သာရှိလိမ့်မယ်လို့ တွေးထင်ထားခဲ့ကြတာပါ။ ဒါပေမဲ့ ကာရံထားတဲ့ သဲအိတ်‌တွေကို စစ်တပ်က အာပီဂျီလက်နက်ကြီးတွေနဲ့ပစ်တဲ့အချိန်မှာ သဲအိတ်နားမှာရှိတဲ့ လူငယ်တွေ အကုန်လွှင့်ထွက် ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့ကြရပါတယ်။


ဆန္ဒပြပွဲလုပ်ဆောင်နေတဲ့ကာလတစ်လျှောက် ကိုမင်းမင်းနဲ့ လူငယ်အချို့ဟာ ဆေးဘက်ဆိုင်ရာ အကူအညီတွေပေးဖို့ တာဝန်ယူခဲ့ကြပါတယ်။ ဧပြီ ၉ ရက် မနက်ပိုင်းမှာတော့ ထိခိုက်ဒဏ်ရာသူတွေကို ကူညီနိုင်ဖို့ ခက်ခဲခဲ့ပြီး ကျည်ဆံတွေကြား အသက်လုပြေးခဲ့ရပါတယ်။


ပြေးလွှားရင်း လူမရှိတဲ့ အိမ်တစ်အိမ်မှာ ၂ ခန့်ရက်ကြာ ဝင်ရောက်ပုန်းခိုခဲ့ရပြီး အနီးအနားအိမ်တွေရဲ့ ကူညီပေးမှုနဲ့ အသက်ရှင်ကျန်ရစ်ခဲ့တာပဲဖြစ်ပါတယ်။ အခြားလူငယ်တွေကတော့ စိုင်ဒီရွာ၊ မုက္ကလ ရွာတွေဘက်အထိ ပြေးကြရပြီး အဲဒီနေရာတွေမှာပဲ သတင်းပေးအချို့ကြောင့် ဖမ်းခံလိုက်ရတဲ့ လူတွေအများ ကြီးလည်း ရှိခဲ့တယ်လို့လည်း သိခဲ့ရပါတယ်။


ဧပြီ ၉ ရက်နေ့နဲ့ ပတ်သက်တော့ ခံစားချက်တွေဟာ ပဲခူးမြို့နေပြည် သူတွေရင်ထဲမှာ ခုချိန်ထိ မေ့ပျောက်မရနိုင်သေးကြပဲ ဝမ်းနည်းစိတ်တွေ မခံမရပ်နိုင်တဲ့စိတ်တွေနဲ့ ရှင်သန်နေရဆဲဖြစ်ပါတယ်။


“ခံစားချက်တွေ မခံမရပ်နိုင်အောင်ဖြစ်ခဲ့ရတယ်။ လုံးဝကို မေ့မရတဲ့နေ့၊ ပဲခူးမြို့အတွက် ဝမ်းနည်းပြီး စိတ်နာကျည်းခဲ့ရတဲ့နေ့ပဲ။ လူအယောက် ၈၀ ကျော်အသတ်ခံခဲ့ရတယ်။ ၄၀ ကျော်အဖမ်းခံခဲ့ရတယ်။ … အာဏာရှင်အုပ်ချုပ်တဲ့နိုင်ငံ ဘယ်နိုင်ငံမှ ကောင်းစားသွားတာမရှိဘူးဆိုတဲ့စကားလိုပဲ။ အာဏာသိမ်းတဲ့မနက် ၃ နာရီကနေစပြီးတော့ ခုချိန်ထိ တစ်ချက်မှ ကောင်းကျိုးပေးတာမရှိဘူး” လို့ ကိုမင်းမင်းက ဧပြီ ၉ ရက် ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးကို ပြန်ပြောင်းတွေးနေရင်း သူ့ခံစားမှုကို ပြန်လည်ပြောပြပါတယ်။


၂၀၂၁ခုနှစ် ဧပြီ ၉ ရက်နေ့က ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဝါရှင်တန်ပို့စ်ကလည်း ဓာတ်ပုံ မှတ်တမ်းပေါင်း ၂၀၀၀၀ နဲ့ ဗီဒီယိုမှတ်တမ်း ရာပေါင်းများစွာကို စုဆောင်းခဲ့ပြီးနောက် စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ စစ်ဆင်ရေးတွေကို သုတေသန ဆန်းစစ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ သွေးပျက်ဖွယ်ကောင်းတဲ့ဖြစ်ရပ်တစ်ခု ကိုမင်းမင်းအနေနဲ့ ကြုံတွေ့ခဲ့ရပြီး ထိခိုက်ဒဏ်ရာသူတွေကိုပါ ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ရက်စက်တဲ့လုပ်ရပ်ကို သူ့စိတ်ထဲမှာ ဘယ်တော့မှ မေ့ဖျောက်နိုင်မယ်လို့ မထင်ပါဘူး။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page