top of page

ကျားဖြန့်နှိမ်နှင်းရေးနဲ့ အမေရိကန်ရဲ့ခြေလှမ်း

  • Writer: BVJ
    BVJ
  • Nov 17
  • 1 min read

မျိုးမြင့်ချို

နိုဝင်ဘာ ၁၅၊ ၂၀၂၅

ree
“တရုတ်လုပ်နေတဲ့ အပြီးသတ်ချေမှုန်းရေးအောင်ပွဲ လက်တကမ်းအလိုကျမှ ဝင်ချလာတာက စဉ်းစားစရာပါ”

အွန်လိုင်းလောင်းကစားလိမ်လည်မှုတွေကိုတီးဖို့ဆိုပြီး အန်ကယ်လ်ဆမ်က ကျားဖြန့်ကွင်းထဲ ဗြုန်းကနဲခုန်ဆင်းလာပါတယ်။ အကြောင်းပြချက်က အမေရိကန်တွေပါ ကျားဖြန့်ရဲ့ သားကောင်တွေဖြစ်ရပြီး ငွေတွေ ပိုးစိုးပက်စက်အလိမ်ခံနေရလို့တဲ့။ ကျားဖြန့်ကိစ္စကို သူခုမှရုတ်ချည်းသိလိုက်ရလို့ တမဟုတ်ချင်း ကောက်ကိုင်လိုက်ရတဲ့သဘောမျိုး အာဘော် ဖန်တီးတာလည်း သတိထားမိတယ်။


၁၀၂၇ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကိုအားယူပြီး တရုတ်က သူ့နယ်စပ် ဗမာပြည်အတွင်းပိုင်းက ကျားဖြန့်တွေကို နေစရာမရှိအောင်နှိပ်ကွပ်ဖို့ပြင်တော့ ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးကြွေးကြော်သံမှာ ကျားဖြန့်နှိမ်နင်းရေးကိုဦးထိပ်တင်ချိတ်ဆက်လာတာကို အာားလုံးသိကြပါတယ်။နောက်တော့ ဗမာပြည် စစ်အုပ်စု မြှောက်စားသူကောင်းပြုခဲ့တဲ့ ကိုးကန့်မိသားစုကြီးတွေထဲ နံမည်အကြီးဆုံးဂိုဏ်းကြီးကိုဖြိုခွင်းရုံမက စစ်အုပ်စုက အကာအကွယ်ပေးထားတဲ့ ကိုးကန့် ကျားြန့်ဂိုဏ်းရဲ့ Godfathers တွေကိုပါ သူ့လက်အပ်ခိုင်းလို့ စစ်အုပ်စုက အပ်လိုက်ရတယ်။ တဖက်မှာလည်း ဥပ‌ဒေကြောင်းအရ အရေးယူမှုတွေတောက်လျှောက်လုပ် တဖက်မှာလည်း နိုင်ငံရေးသံတမန်ရေးနည်းတွေပါသုံးပြီး ထိုင်း/လာအို့စ်/ဗီယက်နမ်/ကမ္ဘောဒီးယား/မြန်မာတို့ကိုပါ သိမ်းသွင်းပြီး ထိုင်း-ဗမာနယ်စပ်ကို ကိုင်ပါတယ်။


ဒီလိုနဲ့ လုပ်ရင်းအရှိန်ရလာတဲ့ ပေါက်ဖော်ကြီးက ထိုင်း-ဗမာနယ်စပ်က ဗမာပြည်စစ်အုပ်စုနဲ့ အမြီးချင်းလိမ်ထားတဲ့ ကရင်ကျားဖြန့်ဂိုဏ်းကိုတွယ်ပါတယ်။စောချစ်သူတို့အုပ် အတော် အထိနာသလို စစ်အုပ်စုလည်း ပြာပြာသလဲဖြစ်သွားတယ်။ တရုတ်-ဗမာနယ်စပ်ကျားဖြန့်မှာလည်း ဗမာပြည်စစ်အုပ်စု့မကင်းရာမကင်းကြောင်းတွေပါတာကို ဖော်ထုတ်နိုင်ခဲ့သလို ထိုင်း-ဗမာနယ်စပ် ကျားဖြန့်ကိစ္စမှာ စစ်အုပ်စုရဲ့ပါဝင်ပတ်သက်မှုအတိုင်းအတာက သူ ထင်ထားတာထက်ပိုကြီးနေတော့ ခုထက်ပို ခတ်ကြမ်းကြမ်းကိုင်ဖို့ ပြင်ဆင်လာတယ်။


ဒီအချိန်မှာပဲ စောချစ်သူတို့ ကရင်ကျားဖြန့်အုပ်က စစ်အုပ်စုနဲ့လက်ဝါးရိုက်ပြီး ကျားဖြန့်တိုက်ဖျက်နှိမ်နင်းရေး တက်တက်ကြွကြွလုပ်နေတာပါဆိုတာကိုပြဖို့ KK Park ကိုစီးနင်းပြတယ်။ ကျားဖြန့်ထဲပါနေတဲ့ နိုင်ငံခြားသားတွေကို ထိုင်းကနေတဆင့် တရုတ်နဲ့ သူတို့ရဲ့မိခင်နိုင်ငံတွေကို ပြန်ပို့တယ်။ တရုတ်နဲ့ထိုင်း ပူးတွဲလုပ်နေတဲ့ကျားဖြန့်စစ်ဆင်ရေး အောင်မြင်မှုတွေကိုမြင်ပြီး အခြားနိုင်ငံတွေကပါကမ်းလှမ်းပြီး တရုတ်ပူးပေါင်းလာကြတာမို့ စစ်ဆင်ရေးအားကကြီးသထက်ကြီးလာပြီး ကျားဖြန့်အမြစ်ပြတ်အောင် ချေမှုန်းနိုင်မယ့်အထိ မျှော်မှန်းလို့ရလာပါတယ်။

အဲ့ဒီအချိန်ကျမှ အမေရိက က ကျားဖြန့်ကွင်းထဲခုန်ဆင်းလာတာပါ။ဗမာ့ကျားဖြန့်ကိစ္စမတိုင်မီ ပဝေသဏီတည်းက အမေရိက/ဥရောပစတာတွေမှာ အွန်လိုင်းလိမ်လည်မှုတွေက ထုထည်အင်မတန်ကြီးကြီးနဲ့ရှိနေတာကို လူတိုင်းသိကြပါတယ်။ ဒါတွေကိုတော့ မိမိတို့အင်အားစုစည်းမှု မိမိပုံစံနဲ့ စစ်ဆင်ရေးတရပ်အထိရောက်အောင် မလုပ်ခဲ့ကြပါလျက်နဲ့ ခု တရုတ်လုပ်နေတဲ့အပြီးသတ်ချေမှုန်းရေးအောင်ပွဲ လက်တကမ်းအလိုကျမှ ဝင်ချလာတာက စဉ်းစားစရာပါ။ မသင်္ကာစရာဆိုတဲ့အထိတော့ မပြောနိုင်သေးပါ။ ခြေလှမ်းရှိရှိ အစီအစဉ်ရှိရှိ ပြင်ဆင်မှုရှိရှိဆို တာတော့ ငြင်းမရပါ။

ree

အမေရိကန် အဲ့သလို ခြေလှမ်းလိုက်လိုက်ချိန်မှာပဲ တရုတ်ကလည်း ထိုင်း/မြန်မာ /လာအို့စ်/ ကမ္ဘောဒီးယား/ဗီယက်နမ် ငါး နိုင်ငံကိုခေါ် ပြီး အစည်းအဝေးလုပ်ကာ ကျားဖြန့်ချေမှုန်းရေးတွေကို ခုထက်ပို ထိထိရောက်ရောက်လုပ်ကြဖို့ သဘောတူစာချွန်လွှာမှာ လက်မှတ်ထိုးကြပါတယ်။ ကျားဖြန့်နှိမ်နင်းရေးအတွက် တကယ်ပဲသဘောရိုးနဲ့ ဝင်လာတာဆိုရင်တော့ အလွန်ကောင်းပါတယ်။ ဝမ်းမြောက်ဝမ်းသာ, လက်ကမ်းကြိုဆိုရမှာပါ။ ဒီလိုသာ သွေးရိုးသားရိုးဆိုရင်တော တရုတ်ရဲ့လုပ်လက်စအလုပ်တွေထည်း ပိုထိရောက်အောင်မြင်လာမှာပါ။


ဒါပေမယ့် အဲ့သလိုလုပ်ဖို့ဆို အိမ်တော်ပါငယ်ကျွန် ထိုင်းတနိုင်ငံတည်းနဲ့တွဲပြီးလုပ်မှာဆိုရင်တော့ မိမိကိုယ်ကိုပြန်ပြီး အကန့်အသတ် မကြီးကြီးအောင် လုပ်သလိုသာဖြစ်မှာမို့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ၊ ကျားဖြန့်ထဲပါဝင်ပတ်သက်တဲ့ သက်ဆိုင်ရာအစိုးတွေနဲ့ဆိုင်တဲ့ လျှို့ဝှက်ချက်တွေ မှတ်တမ်းမှတ်ရာတွေ၊ အထောက်အထားတွေကို နှိုက်ထုတ်ကဲ့ယူသွားတာမျိုးပဲ ဖြစ်ဖို့ရှိပါတယ်။ အမေရိကဟာ စီအိုင်အေအတွက် ‌ဒေါ်လာကို ရေလိုဖြုန်းပြီး အကြံကြီး အမြဲကြံပါတယ်။ ကြံစည်လို့ ရလာတဲ့ အချက်အလက်တွေ အထောက်အထားတွေကို လိုတဲ့အခါ ထုတ်သုံးပြီး မလိုသေးရင် ရေငုံနှုတ်ပိတ် သူဘာမှမသိသလို နေတာပါ။ လည်မြိုညှစ် အကျပ်ကိုင်ပြီး လိုရာကိုစေစားဖို့လိုတဲ့အခါကျမှ အဲ့ဒါတွေကိုထုတ်ရှိုးပြီး ကစားတာပါ။


အမေရိက ကျားဖြန့်တိုက်ဖျက်နှမ်နင်းရေးအတွက် အမှန်တကယ်သဘောရိုးနဲ့ ဝင်လာတာရင် တရုတ်နဲ့မဖြစ်မနေ လက်ချင်းချိတ်ရပူးပေါင်းရအတူလုပ်မှ ရမျာပါ။ အောင်မြင်ထိရောက်မှာပါ။ အဲ့သလိုမဟုတ်ဘဲ ထရမ့်ရဲ့ ကတုံးပေါ်ထိပ်ကွက် လူလည်ကျ၊ ကြားကအချောင်ဝင်မင်္ဂလာယူ နိုင်ငံ‌ရေးအမြတ်ထုတ်ဖို့သက်သက်ဆိုရင်တော့ ကွန်မြူနစ်တရုတ်နီကို ဖြိုခွဲ့ဖို့ကြံစည်ချိန်က စစ် အရင်းရှင် တရုတ်ဖြူချန်ကေရှိတ်၊ ကူမင်တန်တပ်၊ ခွန်ဆာ၊ လော်စစ်ဟန် လော်စစ်မင်း၊ မိုးဟိန်း၊ ခွန်ဆာကနေ နောက်ဆုံး ဦးနုရဲ့ပီဒီပီအထိ စီအိုင်အေကိုင်ပြီး အမေရိကန် ဘယ်လိုခြေရှုပ်ခဲ့ ဘယ်လို အမြတ်ထုတ်ခဲ့ဆိုတဲ့အတွေ့အကြုံရော သင်ခန်းစာပါ ဗမာ့လူ့အဖွဲ့အစည်းမှာ ရှိနှင့်ပြီးသားမို့ သတိတော့ရှိကြမှာပဲလို့ ထင်ပါတယ်။


သူတို့ပေါင်းလုပ်သည်ဖြစ်စေ ကိုယ့်ပရောဂျက်နဲ့ကိုယ် လုပ်သည်ဖြစ်စေ လက်ရှိ ဒုက္ခဆင်းရဲထဲ ကဗမာပြည်ကို ငရဲတွင်းထဲတွန်းချတာမျိုးကို ရှောင်ကြမှာပါ။ သူတို့ပူးပေါင်းပြီး သဘောရိုးနဲ့လုပ်ကြတာမှန်ရင်တော့ ဗမာပြည်စစ်အုပ်စုကို အမှန်တကယ်ဆန့်ကျင်တော်လှန်နေကြသူတွေအနေနဲ့ ကိုယ်စီအကန့်အသတ်တွေထားပြီး သူတို့နဲ့ ထောက်လှမ်းရေးသတင်း အချက်အလက်တွေ ဖလှယ်တာ ပေးပို့တာတွေအပြင် ကိုယ်တိုင်ကိုယ်ကျပါဝင်ကြဖို့လိုပါတယ်။ ဒါဆို ကျားဖြန့်တွေ ပြေးစရာမြေမရှိဖြစ်မှာဖြစ်သလို တောင်ပြိုရာ လက်ဖဝါးနဲ့ကြာပြနေတဲ့ ဗမာပြည်စစ်အုပ်စုပါ တနွယ်ငင်တစင်ပါ တိုက်စားလှိုက်စားခံရနိုင်တယ်လို့ မြင်ပါတယ်။


သတိပြုနှလုံးပိုက်ရမှာ တခုကတော့ အမေရိန်-တရုတ် နှစ်နိုင်ံငံစလုံးက ဗမာပြည်စစ်အုပ်စု ဗုံးဗုံးလဲပြိုကျပျက်စီးသွားမှာကို အဖြစ်မခံနိုင်သလို စစ်အုပ်စုကို လက်နက်နက်ကိုင်လမ်းစဉ်နဲ့ ဆန့်ကျင်တော်လှန်နေကြတာကိုလည်း မလိုလားကြဘူးဆိုတာပါပဲ။



BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page