top of page

“တရုတ်နိုင်ငံသို့ အိတ်ဖွင့်ပေးစာ”

  • Writer: BVJ
    BVJ
  • 4 days ago
  • 3 min read

 လင်းယုန်နက်

 

ree



လက်ရှိအာဏာရှိသူကိုသာ ဆက်ဆံမယ်ဆိုတဲ့ မူဝါဒဟာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် လူထုတော်လှန်ရေးအင်အားစုတွေကို ဘေးဖယ်လိုက်သလို ဖြစ်စေပါတယ်


တရုတ်နိုင်ငံကို အိတ်ဖွင့်ပေးစာရေးမယ်လို့ စိတ်ကူးနေတာကြာပါပြီ။မြန်မာနိုင်ငံဆိုင်ရာ တရုတ်မဟာဗျူဟာက ရှင်းပါတယ်။တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရမယ် ၊ တရုတ်နိုင်ငံရဲ့ စီးပွားရေး အကျိုးစီးပွားတွေ ကို ကာကွယ်နိုင်ရမယ်။ မြန်မာအပါအဝင် အရှေ့တောင်အာရှမှာ တရုတ်နိုင်ငံရဲ့ ဩဇာကို ကျယ်ပြန့်စေရမယ်။ အပေါ်ယံကြည့်လိုက်ရင် ဒီအချက်တွေက ရိုးစင်းတယ်လို့ထင်ရပေမယ့် လက်တွေ့မှာတော့ မဟုတ်ပါဘူး။ ကိုယ်တင်ပြလိုတဲ့အကြောင်းတွေကို ပုံဖော်ကြည့်ရင်း အားမလိုအားမရ ဖြစ်နေတဲ့အချိန်မှာ “Eurasia Review” မှာပါတဲ့ ဆောင်းပါး (Cold Peace At China’s Doorstep: The Frozen War And The Return Of Great Power Rivalry In Myanmar – Analysis Nov 2-2025) ကို ဖတ်လိုက်ရတော့ စိတ်ထဲကျေနပ်အားရသွားပါတယ်။ ဒီဆောင်းပါးရဲ့ ကောက်နုတ်ချက်လေးတွေ ကို ကြည့်ရအောင်ပါ။

 

တရုတ်နိုင်ငံက ဝင်စွက်ဖက်ပုံဖေါ်ထားတဲ့ ငြိမ်းချမ်းရေးကို ခုလိုသုံးသပ်ထားပါတယ်။ “သေနတ်သံတွေ တစ်စိတ်တစ်ဒေသ တိတ်ဆိတ်သွားအောင် တရုတ်နိုင်ငံက ဝင်စွက်ဖက်လိုက်တာဟာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာနဲ့ စီးပွားရေး အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခ အကွဲအပြဲ’ ကို ပိုနက်ရှိုင်းစေခဲ့ပါတယ်”တဲ့။  ထပ်ဆင့်သုံးသပ်ချက်က ပိုမိုက်ပါတယ်။ “သေနတ်သံတွေ ဒီလိုတိတ်ဆိတ်သွားတာက ‘ပြုပြင်ပြောင်းလဲရေးမပါတဲ့ တည်ငြိမ်မှု၊ တရားမျှတမှု မကိန်းအောင်းတဲ့ ငြိမ်းချမ်းရေး၊ အားလုံးမပါဝင်သော တွေ့ဆုံဆွေးနွေးရေး’ဆိုတဲ့ တရုတ်နိုင်ငံရဲ့ လိုလားချက်တွေက ပုံဖေါ် ပေးလိုက်တာပါ”တဲ့။ တရုတ်နိုင်ငံရဲ့ ချဉ်းကပ်ပုံဟာ သူ့အကျိုးစီးပွားရှိရာဒေသတွေကိုသာ သီးသန့်ကွက် ဦးတည်ထားပြီး တစ်နိုင်ငံလုံးရဲ့ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးထက် သူ့အကျိုးစီးပွားတွေ ကာကွယ်ဖို့ ပဋိပက္ခကျယ်ပြန့်မလာရေး၊ ထိန်းချုပ်နိုင်ရေးကိုပဲ ပန်းတိုင်အဖြစ် သတ်မှတ် ထားတာပါ။ တရုတ်နိုင်ငံရဲ့လုပ်ရပ်ဟာ မြန်မာ့နိုင်ငံရေးအကြပ်အတည်းရဲ့ လက္ခဏာအကြောင်းရင်း တွေ ကို သက်ဆိုးရှည်စေပြီး ရောဂါရင်းမြစ်တွေကို မထိမတွေ့ပဲ ထားထားတာပါတဲ့။ တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်ပုံဖော်ထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာ ယူနန်နယ်စပ်တစ်လျှောက် သေနတ်သံတွေ လျော့ကျသွားစေပေမယ့် မြန်မာနိုင်ငံအတွင်း စစ်မှန်တဲ့ နိုင်ငံရေးဖြေရှင်းချက်ရရှိရေးကိုတော့ နက်နက်ရှိုင်းရှိုင်း ပိုခက်ခဲသွားစေပါတယ်တဲ့။


တရုတ်ရဲ့ ဖိအားနဲ့ ကြားဝင်မှုကြောင့် MNDAA တပ်ဖွဲ့လားရှိုးမြို့က နေ ဆုတ်ခွာပေးခဲ့ရ
တရုတ်ရဲ့ ဖိအားနဲ့ ကြားဝင်မှုကြောင့် MNDAA တပ်ဖွဲ့လားရှိုးမြို့က နေ ဆုတ်ခွာပေးခဲ့ရ

အပေါ်မှာရည်ညွှန်းထားတဲ့ ဆောင်းပါးပါကောက်နုတ်ချက်တွေ ကို တစ်ကြောင်းထဲချုပ်ရရင် “တရုတ်နိုင်ငံဟာ သူ့ရဲ့ ရေတိုအကျိုးစီးပွားအတွက် မြန်မာနိုင်ငံရဲ့  နိုင်ငံရေးအကျပ်အတည်းကို သူနဲ့မသက်ဆိုင်သလို လျစ်လျူရှုထား”တာပါ။ ပြောလိုတာက တရုတ်နိုင်ငံရဲ့ ဒီချဉ်းကပ်ပုံဟာ တရုတ်နိုင်ငံအတွက် အမှန်တကယ် အကျိုးရှိနိုင်သလားဆိုတာ ကို သုံးသပ်ကြည့်ဖို့လိုအပ်ပါတယ်။

 

ရှင်းရှင်းပဲပြောပါမယ်။ လက်ရှိချဉ်းကပ်ပုံဟာ မြန်မာနိုင်ငံအတွက် အကျိုးမရှိသလို တရုတ်နိုင်ငံ အတွက်လည်း အကျိုးမရှိပါဘူး။ အရင်ဆုံး ရှင်းရှင်းလင်းလင်း နားလည်ရမှာက မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အကျပ်အတည်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ စစ်အုပ်စုကြားက အားပြိုင်မှုမဟုတ်ပါဘူး။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက စစ်တပ်ရဲ့ တိုင်းပြည်အပေါ် ချုပ်ကိုင်မှုကို ခါးခါးသီးသီးဆန့်ကျင်တဲ့ လူထုတော်လှန်ရေးပါ။တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ တရားမျှတတဲ့ လိုလားချက်တွေကို စစ်အုပ်စုက နိုင်ငံရေးအရ ဖြေရှင်းခွင့်လုံးဝမရှိအောင် နင်းချေခဲ့တဲ့အတွက် လက်နက်ကိုင်တော်လှန်ရေးအဆင့်အထိ တက်လာတဲ့ လူထုတော်လှန်ရေးပါ။ဒါကြောင့် ယူနန်နယ် စပ်တစ်လျှောက် သေနတ်သံတွေတိတ်ဆိတ်သွားပေမယ့် တိုင်းပြည်အနှံ့ဖြစ်ပွားနေတဲ့ “လက်နက်ကိုင်ပဋိပက္ခ၊ နိုင်ငံရေးအကြပ်အတည်း”ဟာ ရပ်တန့်သွားမှာမဟုတ်ပါဘူး။ ပြောလိုတာက နယ်စပ်ကုန်သွယ် ရေးအပါအဝင် တရုတ်နိုင်ငံရဲ့ စီးပွားရေး အကျိုးစီးပွားတွေကို “တရုတ်နိုင်ငံကစွက်ဖက် ပုံဖော်ထား တဲ့အပစ်အခတ်ရပ်စဲရေး”က ပုံဖေါ် ပေးနိုင်မှာမဟုတ်ပါဘူး။ လက်ရှိမှာလည်း ဒီသဘောတရားကို ရှင်းရှင်းကြီး မြင်နေရတာပါ။

 

ပိုဆိုးတာက တရုတ်နိုင်ငံရဲ့  ‘ဘက်’ ရွေးချယ်မှုပါ။ လက်ရှိမှာ တရုတ်နိုင်ငံဟာ စစ်အုပ်စုဘက်ကနေ ပြောင် ပြောင်တင်းတင်း ရပ်တည်နေတာပါ။ တရုတ်နိုင်ငံက မအလစစ်အုပ်စု လားရှိုး ကို ပြန်ခြေချနို င်အောင်၊ မိုးကုတ်ကနေ TNLA ဆုတ်ခွာသွားအောင် ဖိအားပေးညှိနှိုင်းလိုက်တာက တိုင်းရင်းသားပြည် သူတစ်ရပ်လုံးရဲ့ နှလုံးသားကို နင်းခြေလိုက်တာပါ။ ပိုရှင်းအောင်ပြောရရင် မြန်မာနိုင်ငံသူ နိုင်ငံသား တွေရဲ့ စိတ်ဝိညာဉ်မှာ “တရုတ်မုန်းတီရေး” သပ်လျှိုလိုက်တာပါ။ အမေရိကန်နဲ့အနောက်နိုင်ငံတွေ ရိုက်သွင်းလိုက်တဲ့ ‘သပ်’ မဟုတ်ပါဘူး။ တရုတ်နိုင်ငံကိုယ်တိုင် ရိုက်သွင်းလိုက်တဲ့ ‘သပ်’ ပါ။


တရုတ်ရဲ့ ဖိအားပေးညှိနှိုင်းမှုကြောင့် TNLA တပ်တွေ လာမယ့်ရက်ပိုင်းအတွင်း မိုးကုတ်ကနေ ဆုတ်ခွာသွားရဖို့ရှိ
တရုတ်ရဲ့ ဖိအားပေးညှိနှိုင်းမှုကြောင့် TNLA တပ်တွေ လာမယ့်ရက်ပိုင်းအတွင်း မိုးကုတ်ကနေ ဆုတ်ခွာသွားရဖို့ရှိ

 

မြန်မာပြည်သူတွေကို မျက်နှာမူတဲ့ နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးပါမယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ တရားဝင်မူဝါဒ ကို တရုတ်နိုင်ငံကိုယ်တိုင် ‘ခြေ’ နဲ့ ဖျက်လိုက်တာပါ။ တရုတ်နိုင်ငံက စွက်ဖက်ဖန်တီးလိုက်တဲ့ အပစ်အခတ်ရပ်စဲရေးဟာ တရုတ်နိုင်ငံရဲ့ ရေတိုအကျိုးစီးပွားကို ဖန်တီးပေးနိုင်မလားဆိုတဲ့ မရေမရာ မျှော်လင့်ချက်ကို ဖြစ်စေခဲ့ပေမယ့် တစ်ပြိုင်တည်းမှာပဲ မြန်မာပြည်သူတွေရဲ့နှလုံးသားမှာ “တရုတ်မုန်း တီးရေး” တွေ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်စေတာကို သတိမလစ်စေချင်ပါဘူး။

 

 ရိုးရိုးရှင်းရှင်းပြောရရင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပုံမှန်ပြန်ဖြစ်မဖြစ်က မသေချာပါဘူး။ မြန်မာပြည်သူတွေက ဘက်လိုက်ဖိအားပေးနေတဲ့ တရုတ်နိုင်ငံကို အမုန်းကြီးမုန်းနေတာက သေချာ နေပါပြီ။ မြန်မာပြည်သူတွေကြား ကျယ်ကျယ်ပြန့်ပြန့်  ယုံကြည်လက်ခံထားတာက တရုတ်နိုင်ငံဟာ မအလစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချထောက်ပံ့နေတာပါ။ မအလစစ်အုပ်စုရဲ့ စစ်ရေး ပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်၊ ကျေးရွာမီးရှို့ဆိုတဲ့ လုပ်ရပ်တွေကြောင့် မြန်မာပြည်သူတွေဟာ မအလစစ်အုပ်စုအပေါ် ခါးသီးနာကြည်းနေသလို တရုတ်နိုင်ငံအပေါ်မှာလည်း ခါးသီးနာကြည်းနေတာပါ။

 

တရုတ်နိုင်ငံက ဆုပ်ကိုင်ထားတဲ့ လက်ရှိအာဏာရှိသူကိုသာ ဆက်ဆံမယ်ဆိုတဲ့ မူဝါဒဟာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် လူထုတော်လှန်ရေးအင်အားစုတွေကို ဘေးဖယ်လိုက်သလို ဖြစ်စေပါတယ်။ ပြောမယ်ဆိုရင် မြန်မာနိုင်ငံသူနိုင်ငံသားတွေကို ကိုယ်စားပြုတဲ့ “အင်အားစုတွေ”ကို ဒီလိုဘေးဖယ်လိုက်တဲ့အတွက် မြန်မာပြည်သူရဲ့ အမုန်းတရားဟာ ပိုခိုင်မာနက်ရှိုင်းလာပါတယ်။ ဒီအ ချက်နဲ့ပတ်သက်ပြီး အပေါ်မှာရည်ညွှန်းထားတဲ့ ဆောင်းပါးပါ ကောက်ချက်က သွေးထွက်အောင် မှန် ပါတယ်။ “မြန်မာ့နိုင်ငံရေး အကျပ်အတည်းရဲ့ ပကတိအကြောင်းရင်းကို လေးလေးနက်နက် မှန်မှန်ကန် ကန်မသုံးသပ်ပဲ တရုတ်နိုင်ငံအနေနဲ့ မအလစစ်အုပ်စုဘက် ရပ်တည်လိုက်တာဟာ လူထုကိုယ်စားပြု အဓိကအင်အားစုတွေကို ဘေးဖယ်ထားတဲ့ အပစ်အခတ်ရပ်စဲရေးကို အတင်းအဓမ္မ အသက်သွင်း လိုက်ပြီး အကွဲကွဲပြားပြားအုပ်စုတွေကြား စစ်ရေးပဋိပက္ခဖြစ်နေတဲ့အနေအထားကို ပုံမှန်ရှင်သန် အောင် လုပ်လိုက်တာပါပဲ” လို့ သုံးသပ်ထားတာပါ။

 

ရလဒ်က အပေါ်ယံရွှေမှုန်ကြဲ ငြိမ်းချမ်းရေး တံလျပ်ပါ။ ယုံကြည်မှုပျောက်ဆုံးနေတဲ့ အပစ်အခတ် ရပ်စဲ ရေး၊ တရားမျှတမှုကင်းမဲ့တဲ့ ဘက်လိုက်ကြားဝင်ဖိအားပေးမှု၊ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် နယ်စပ်မျဉ်းရဲ့တဖက်မှာရှိတဲ့ မြန်မာပြည်သူတွေရဲ့ဘဝကို ယဇ်ပူဇော်ပသပေးလိုက်ရမှု စတာတွေဟာ တရုတ်နိုင်ငံက မြန်မာ့နိုင်ငံရေးကို လေဖြတ်အောင် ကြိုးပမ်းနေသလိုပဲလို့ ပြောရမှာပါ။ သဘောက ပဋိပက္ခ ရွှံ့ညွန်ထဲကလည်း ရုန်းမထွက်နိုင်၊ ပြေလည်တိုးတက်နိုင်မယ့် လမ်းကလည်းပျောက်၊ တရုတ် နိုင်ငံအပေါ် အစစမှီခိုနေရတဲ့ ကျရှုံးနိုင်ငံဆိုတဲ့ အနေအထားမျိုးကိုလည်း တရုတ်နိုင်ငံက တွန်းပို့သလို ဖြစ်နေတယ်လို့ ပြောတာပါ။

 

ဒီနေရာမှာ သတိမလစ်ရမှာက တရုတ်နိုင်ငံဟာ သူ့ရဲ့ဩဇာဖိအားကိုသုံးပြီး မအလစစ်အုပ်စုနဲ့ တရုတ် နယ်စပ်အပေါ်မှီခိုနေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဆွေးနွေးပွဲစကားဝိုင်းအပေါ် အ တင်းဆွဲတင်ပြီး တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကိုကာကွယ်မယ့် ဆုံးဖြတ်ချက်တွေ ထွက်လာအောင် ဖိအားပေးနိုင်ပေမယ့် မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းကို ဖန်တီးနိုင်လောက်အောင်တော့ ဩဇာ မရှိပါဘူး။ တရုတ်နိုင်ငံဟာ MNDAA၊ TNLA နဲ့ UWSA တို့အပေါ်ဖိအားပေးသလို AA၊ KIA နဲ့ KNU အပါအဝင် အခြားလက်နက်ကိုင်တပ်‌ဖွဲ့‌တွေအပေါ်  ဖိအားမပေးနိုင်ပါဘူး။ အရေးအကြီးဆုံးက မအလစစ်တပ်ဟာ အတွင်းကလှိုက်စားပြီး “အခွံသာရှိ အနှစ်သာရယုံကြည်ချက်မရှိ” တဲ့ ‌ဟောင်း လောင်းစစ်တပ်ဖြစ်နေတဲ့အတွက် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်တဲ့ အခြေအနေ မရှိတော့ပါဘူး။ ဒရုန်းအပါအဝင် မတန်တဆ လေကြောင်းအင်အားသုံးတိုက်ခိုက်နိုင်စွမ်းသာ မရှိခဲ့ရင် မအလစစ်အုပ်စုအရှုံးကို ရင်ခွင်ပိုက်နေရမှာပါ။ မြေပြင်တိုက်ပွဲတွေမှာ မအလစစ်အုပ်စုရဲ့ အောင်ပွဲ ဆိုတာ အရှုံးပင်လယ်ထဲက အောင်ပွဲကျွန်းငယ်လေးတွေပါ။


AA က သူတို့ရဲ့  စစ်ရေးရည်မှန်းချက်အတိုင်း ဆက်လက် ချီတက်နေဆဲဖြစ်ပြီး  ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ ခုကို အပြီး သတ်သိမ်းပိုက် ထိန်းချုပ်ထား
AA က သူတို့ရဲ့ စစ်ရေးရည်မှန်းချက်အတိုင်း ဆက်လက် ချီတက်နေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ ခုကို အပြီး သတ်သိမ်းပိုက် ထိန်းချုပ်ထား

 

မအလစစ်အုပ်စုအဖို့ လူထုထောက်ခံမှုရဖို့ဆိုတာ ဟောင်းနွမ်းဆွေးမြည့်နေတဲ့ သစ်သားကြိုးတံတားကို အသက်မရှုပဲ ဖြတ်နေရသလို အချိန်မရွေး ပြိုကျသွားနိုင်တဲ့အရာမျိုးပါ။ မအလစစ်အုပ်စုရဲ့ ရွေး ကောက်ပွဲရလဒ်အပေါ် အာဆီယံက အသိအမှတ်မပြုနိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြ လိုက်ပြီးဖြစ်လို့ နိုင်ငံတကာမျက်နှာစာမှာ မအလစစ်အုပ်စုအဖို့ ရုရှား၊ တရုတ်၊ အိန္ဒိယတို့ထက်ပိုတဲ့ အသိအမှတ်ပြုမှုမျိုး မရနိုင်တော့ပါဘူး။ အိန္ဒိယနိုင်ငံဆိုရင် သူ့ရဲ့အရှေ့မြောက်ဒေသ လုံခြုံရေး လို အပ်ချက်အတွက် မအလစစ်အုပ်စုနဲ့ အလိုက်သင့်ဆက်ဆံနေပေမယ့်  မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ ဩဇာ မတရားကြီးမားလာမှာကို မလိုလားပါဘူး။  ဒီလိုမဖြစ်အောင်လည်း အတွင်းကျိတ် ကြိုးပမ်း နေမှာ သေချာပါတယ်။ မြေရှားသတ္တုတွေ အရေးအပါအဝင် ငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေးအတွက် အမေရိကန်နိုင်ငံက အထူးတိုက်ဖျက်ရေးအဖွဲ့ (Scam Center Strike Force  ) ဖွဲ့စည်းလာတဲ့ ဖြစ်စဉ် တွေဟာ မြန်မာနိုင်ငံရေးမှာ အကန့်အသတ်နဲ့ ရှိနေတဲ့ တရုတ်နိုင်ငံရဲ့ ဩဇာကို ပိုပြီးအကန့်အသတ် ဖြစ်‌ စေမှာပါ။

 

ဒီတော့ တရုတ်နိုင်ငံအနေနဲ့ ကိုယ့်ကိုယ်ကိုမေးရမှာက “မရေမရာ ရေတိုအကျိုးစီးပွားအတွက် မြန်မာ နိုင်ငံရဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ကျောခိုင်းဆန့်ကျင်မှာလား (ဒါမှမဟုတ်) ခိုင်မာတဲ့အုတ်မြစ် အပေါ် အခြေခံပြီး တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားလာမယ့် ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်မှာလား” ဆိုတဲ့မေးခွန်းပါပဲ။ တရုတ်-မြန်မာ ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်ချင်တယ်ဆိုရင်တော့ မြန်မာ ပြည်သူတွေကို မျက်နှာမူတဲ့ ဆက်ဆံရေးကို ဖော်ဆောင်ရမှာပါ။ အခြေခံမူက ရိုးရိုးရှင်းရှင်းပါ။ မြန်မာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ အင်အားစုတွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မဖြစ်မနေပါဝင်စေပြီး ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အပေါ်ယံ ဆေးမြီးတို မဖြစ်စေရပါဘူး။ တိုင်းရင်းသားပြည်သူ တစ်ရပ် လုံးရဲ့ သန္နိဋ္ဌာန်ဖြစ်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီထူထောင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်အပေါ်မှာ အခြေခံရပါမယ်။ နိုင်ငံသူနိုင်ငံသားတွေရဲ့ နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိရေး၊ ဖယ်ဒရယ်ဒီ မိုကရေစီနိုင်ငံ ထူထောင်ရေးဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ဖို့ အခြေခံအုတ်မြစ် လိုအပ်ချက်ဆိုတာ သဘောပေါက်ဖို့ လိုအပ်ပါတယ်။

 

အနီးစပ်ဆုံးပြောရရင် တရုတ်နိုင်ငံအနေနဲ့ ရပ်တည်သင့်တာက အာဆီယံဘုံသဘောတူညီချက် (၅) ချက် (တရုတ်နိုင်ငံကလည်း တရားဝင်လက်ခံ အသိအမှတ်ပြုထားပြီးသားပါ) အပေါ် အခြေခံပြီး “တိုင်းပြည်ကိုယ်စားပြု အင်အားစုအားလုံးမပါဝင်တဲ့ ဘယ်လိုဖြေရှင်းချက်မျိုးမဆို (တစ်ဖက်သက် အကျပ်ကိုင် ရွေးကောက်ပွဲအပါအဝင်) လက်မခံပါဘူးလို့ ပြတ်ပြတ်သားသားကြေညာပြီး ကြေညာ လိုက်သလို အမှန်တကယ် လိုက်နာအကောင်အထည်ဖော်ဖို့ပါပဲ။ ဟုတ်ပါတယ်။ အာဆီယံ ဘုံသဘော တူညီချက် (၅) ချက်အပေါ် ပြည်သူအများစုက အလုပ်မဖြစ်ဘူးလို့ ယူဆကြပေမယ့် တရုတ်နိုင်ငံအ နေနဲ့ ဒီအတိုင်းအတာအထိ ရပ်တည်ပေးခဲ့မယ်ဆိုရင် တရုတ်-မြန်မာ ရေရှည်ဆက်ဆံရေးကို အကောင်းဘက်ကို မျက်နှာမူစေမှာပါ။

 

တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေက တရုတ်နိုင်ငံအပေါ် အကြောင်းမဲ့ အမုန်းပွားနေတာ မဟုတ်ပါဘူးဆိုတာကို လေးလေးနက်နက် နားလည်သဘောပေါက်ဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ “ဆင်သွားရင်လမ်းဖြစ်တယ်၊ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် မြန်မာ့နိုင်ငံရေးမှာ ကြိုက်သလို ဝင်စွက်ဖက်နိုင်တယ်” လို့ ဆက်တွေးယူနေမယ်ဆိုရင်တော့ ဗီယက်နမ်မှာ အမေရိကန်တပ်ဖွဲ့တွေ၊  အာဖဂန်နစ္စတန်မှာ ရုရှားစစ်တပ်တွေ ဖရိုဖရဲ၊ အရှက်တကွဲ ဆုတ်ခွာခဲ့ရတာကို “ပုံဖော်မြင်ကြည့် လိုက်ပါ” လို့ ပဲပြောပါရစေ။       ။

 


 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page