top of page

မရှိသော ကြောင်ခံတွင်းပျက် နှင့် မက်လောက်စရာ မဟုတ်သော ဆက်ရက်တောင်ပံကျိုး

  • Writer: BVJ
    BVJ
  • Nov 2
  • 2 min read

လင်းယုန်နက်


“အာဆီယံကအသိအမှတ်ပြုတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မဖြစ်မနေဆောင်ရွက်ရမယ်လို့ တောင်းဆိုထားတဲ့လုပ်ငန်းစဉ်တွေကို မအလစစ်အုပ်စုက တစ်ခုတစ်လေတောင် လုပ်မထားပါဘူး”


အာဆီယံ ဆုံးဖြတ်ချက် (၂၆) မှာ မအလစစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သဘောထား ပေးထားပါတယ်။
အာဆီယံ ဆုံးဖြတ်ချက် (၂၆) မှာ မအလစစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သဘောထား ပေးထားပါတယ်။

ဒေါ်စန္ဒာမင်း ဘက်ပြောင်း ဦးဆောင်လှုပ်ရှားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ကို ပါတီဝင် အင်အား ငါးသောင်းမပြည့်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ “ပါတီကို ဖျက်သိမ်း၊ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်” လိုက်တဲ့အခါ တချို့က အံ့အားသင့်ကြပါတယ်။ ဒီလိုပါပဲ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါ် သက်သက်ခိုင် ကို ကြွေးကျပ်ဘီလျံ (၁၁၀) မဆပ်ဘူးဆိုပြီး ရွေးကောက်ပွဲဝင်ခွင့် ဟန့်တားလိုက်တဲ့ အခါ ဒီတချို့သော ပုဂ္ဂိုလ်တွေက အံ့အားသင့်ကြပါတယ်။ အမှန်ကတော့ အံ့အားသင့်စရာ မရှိပါဘူး။ အံ့အားသင့်တယ်ဆိုတာကိုက နိုင်ငံရေး နို့သက်မစင်ကြသေးလို့ပါ။ မအလစစ်အုပ်စု အာဏာသိမ်း လိုက်တဲ့ အကြောင်းရင်းကို နိုင်ငံရေးအရ ပီပီသသ ၊ ရှင်းရှင်းလင်းလင်း နားလည်ထားရင် ဘာမှ အံ့အားသင့်စရာ မရှိပါဘူး။ ကြိုတင်မှန်းဆနိုင်တဲ့ ကိစ္စမျိုးပါ။


မအလစစ်အုပ်စု အာဏာသိမ်းလိုက်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံက သူတို့စစ်အုပ်စု အကျိုးစီးပွားကို မကာကွယ်နိုင်ဘူးလို့ ယူဆတဲ့အတွက်ပါ။ ပိုရှင်းအောင်ပြောရရင် အာဏာကို ပိုတင်းတင်းကျပ်ကျပ် ချုပ်ကိုင်နိုင်ဖို့ပါ။မဲလိမ်တယ်၊ မလိမ်ဘူးဆိုတာ မအလစစ်အုပ်စုမှာ ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး။ သမ္မတဦးဝင်းမြင့်ကို အာဏာသိမ်းပြီး ဖယ်ရှားပိုင်ခွင့်မရှိပါဘူး။  “ပုံမှန်မဟုတ်သောအခြေအနေ” ဆိုတဲ့ စကားစုကိုအကြောင်းပြပြီး ထင်သလို အာဏာသက်တမ်း တိုးပိုင်ခွင့်လည်း မရှိပါဘူး။  ကိုယ်မကြိုက်တဲ့အင်အားစုတွေကို ဖယ်ရှား၊ ကိုယ့်သြဇာနာခံတဲ့သူတွေကိုပဲ ရွေးကောက် ပွဲဝင်ခွင့်ပေးပြီး  “စိတ်ကူးပေါက်ရွေးကောက်ပွဲ ကျင်းပခွင့်”လည်း မအလ စစ်အုပ်စုမှာမရှိပါဘူး။ အားလုံးသိပြီးသား ဒီအချက်တွေကို ပြန်ကောက်တာ အကြောင်းရှိပါတယ်။မအလစစ်အုပ်စုဟာ သူတို့အကျိုးစီးပွားအတွက်ဆိုရင် ဒေါ်သက်သက်ခိုင်လို သူ့အာဏာသိမ်းအုပ်စုမှာဝန်ကြီးလုပ်ခဲ့တဲ့ သူကိုလည်း အထာမထားပါဘူး။ ဒေါ်စန္ဒာမင်းလို “ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်မယ်” ဆိုတဲ့လူမျိုးကိုလည်း အထာမထားပါဘူး။


ree

 

ဒီအခြေအနေမျိုးမှာ မအလစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲက နိုင်ငံရေးဘောင်ကို ပိုချဲ့ပေး မယ်လို့ ပြောနေကြတာကလည်း အံ့အားသင့်စရာပါ။ ကြံ့ဖွံ့ပါတီက မယှဉ်ပြိုင်ရဘဲ  အမတ် ၂၈ နေရာ ရထားတာကို မမြင်ချင်ယောင်ဆောင်နေလို့သာ ဒီစကားမျိုးပြောရဲတာပါ။ပြောရရင် ကြံ့ဖွံ့ပါတီရဲ့   လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာက စစ်တပ်ကရောက်လာတဲ့ မိုးကျရွှေကို တွေပါ။တစည ပါတီ မှာလည်း ဒီသဘောပါပဲ။ စစ်တပ်က လွှတ်တော်အသီးသီးရဲ့ (၂၅) ရာခိုင်နှုန်းကို အလိုအလျောက် ရထား တာကို ထည့်တွက်ရင် မအလစစ်အုပ်စု လုပ်ချင်တာလုပ်တာကို ဟန့်နိုင်တဲ့အင်အားစုဆိုတာ “ဒီအတု အယောင်ရွေးကောက်ပွဲအလွန်” မှာ ရှိကိုမရှိနိုင်ပါဘူး။ ဒါရိုက်တာမိုက်တီး၊ ဇာတ်ပို့သ ရုပ်ဆောင်ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင်အုန်းဒိုင်း လို့ကို ရွေးကောက်ပွဲအပေါ် နှောင့်ယှက် မှုနဲ့ဖမ်းဆီးလိုက်တာကိုကြည့်ရင် အင်မတန်ထင်ရှားပါတယ်။ မအလစစ်အုပ်စုရဲ့ အတုအယော င်ရွေးကောက်ပွဲဦးတည်ချက်ဟာ “သူတို့လက်ထဲ အာဏာပိုတင်းတင်းကျပ်ကျပ် ချုပ်ကိုင်ရေးပါ”။  “အာဏာသုံးရပ် ခွဲဝေကျင့်သုံးမယ်” လို့ပြောဆိုနေတာက “ကယောက်ကယက်အိပ်မက်ရဲ့ ကယောင်ချောက်ချားအော်ဟစ်သံ” ထက်မပိုပါဘူး။


 ရယ်စရာကောင်းတာက ဒီအတုအယောင်ရွေးကောက်ပွဲပြီးရင် သူတို့ဟာ ပြည်သူလူထုကို ကိုယ်စား ပြုတဲ့  တရားဝင် အရပ်သားအစိုးရ ဖြစ်သွားပြီလို့ မအလစစ်အုပ်စုက ဝါဒဖြန့်နေတဲ့ကိစ္စပါ။ ပြည်သူ လူထုကို ကိုယ်စားပြုတဲ့ တရားဝင် အရပ်သားအစိုးရဖြစ်ဖို့ဆိုတာ ပြည်သူလူထုက စိတ်ရင်းအမှန်နဲ့ လွတ်လွတ်လပ်လပ်၊ မျှမျှတတ ရွေးကောက်တင်မြှောက်လိုက်တာမျိုး ဖြစ်ရပါမယ်။ ဒီအခြေအနေမျိုး မရှိဘူးဆိုတာက ရှင်းပြစရာတောင်မလိုပါဘူး။  ဒီလိုလူထုထောက်ခံမှုမရနိုင်ဘူးဆိုတာ မအလ စစ်အုပ် စုက သိပြီးသားပါ။ မအလစစ်အုပ်စု မျှော်လင့်နေတာက အတုအယောင်ရွေးကောက်ပွဲနဲ့ မျက်လှည့် ပြပြီး နိုင်ငံတကာရဲ့ထောက်ခံမှုကို လှည့်ဖြားရယူဖို့ပါ။ ဒီဦးတည်ချက် ဆုပ်ကိုင်နိုင်ဖို့ဆိုရင် အာဆီယံရဲ့ အခန်းကဏ္ဍက အင်မတန်အရေးကြီးပါတယ်။

 

တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာက မြန်မာ့အရေးမှာ အာဆီယံက ဦးဆောင်ဖြေရှင်းပေးရမယ်လို့ ခံယူရပ်တည်ထားကြတာပါ။ ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ အမြင်သဘောထားနဲ့ ဆုံးဖြတ်ချက်တွေကိုကြည့်လိုက်ရင် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ပါ “အင်အားစုအားလုံး ပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး” ဆိုတာကို အကြိမ်ကြိမ် အထပ်ထပ် အလေးပေး ဖော်ပြ ထားတာကို တွေ့ရမှာပါ။ ဆုံးဖြတ်ချက်အချက် (၂၆) မှာတော့ မအလစစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပီပီသသ သဘောထား ပေးထားပါတယ်။

 

ဒီဆုံးဖြတ်ချက် အမှတ်(၂၆)ကို ကြည့်ရအောင်ပါ။ “ မြန်မာနိုင်ငံက ၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင် အထွေထွေ ရွေးကောက်ပွဲကျင်းပရန် အစီအစဥ်နှင့် အာဆီယံနိုင်ငံများအား ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့များစေလွှတ်ရန် ဖိတ်ကြားမူတို့ကို မှတ်သားသိရှိရပါသည်။ လွတ်လပ်၊ မျှတ၊ ငြိမ်းချမ်း ၊ ပွင့်လင်မြင်သာ၊ အင်အားစုအားလုံးပါဝင်ပြီး ယုံကြည်ထိုက်သော အထွေထွေရွေး ကောက်ပွဲ၏ မရှိမဖြစ် အရေးပါမှုကို အသိအမှတ်ပြုလက်ခံရန်လွန်စွာအရေးကြီးပါသည်။ ရွေးကောက်ပွဲလုပ်ငန်းစဥ်မတိုင်မီ ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲပြီး အင်အားစုအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ မဖြစ်မနေအကောင်အထည်ဖော်ရန်လိုအပ်သည်ကို ကျွန်ုပ်တို့က အလေးအနက်ထားထောက်ပြလိုပါသည်” လို့ ရေးသားထားတာပါ။

 

ဒီဆုံးဖြတ်ချက် အချက် (၂၆) ကို ဖတ်ကြည့်လိုက်ရင် မအလစစ်အုပ်စုက လှည့်ဖြားကျင်းပဖို့ စီစဉ်နေ တဲ့ အတုအယောင်ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုနိုင်ဘူးဆိုတာက ရှင်းရှင်းကြီးကို ပေါ်လွင်နေတာပါ။ အာဆီယံကအသိအမှတ်ပြုတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မဖြစ်မနေဆောင်ရွက်ရမယ်လို့ တောင်းဆိုထားတဲ့လုပ်ငန်းစဉ်တွေကို မအလစစ်အုပ်စုက တစ်ခုတစ်လေတောင် လုပ်မထားပါဘူး။ အာဆီယံအသိအမှတ် မပြုဘူးဆိုရင် ကုလသမဂ္ဂကလည်း အသိအမှတ်ပြုမှာမဟုတ်ပါဘူး။ အာဆီယံကိုကျော်ပြီး အိမ်နီးချင်းနိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်တို့လို နိုင်ငံကြီတွေ                                                                                                                                                    ကလည်း မအလစစ်အုပ်စုအတုအရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒီနိုင်ငံကြီးတွေက “တစ်ကမ္ဘာလုံးရဲ့သဘောထားကို ကျောခိုင်းဆန့်ကျင်ပြီး မအလစစ်အုပ်စုရဲ့ အကျိုးစီးပွားအတွက်ရပ်တည်ဖို့”ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ကမ္ဘာလုံး နဲ့ယှဉ် လိုက်ရင် မအလစစ်အုပ်စုဆီကနေရမယ်ဆိုတဲ့ အကျိုးစီးပွားဆိုတာ ဒီနိုင်ငံကြီး တွေအတွက် မက်လောက်စရာမရှိပါဘူး။


မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ကတော့ ရှင်းရှင်းပြတ်ပြတ်ပဲပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ကတော့ ရှင်းရှင်းပြတ်ပြတ်ပဲပြောပါတယ်။

နိုင်ငံတကာကသာ အသိအမှတ်မပြုခဲ့ဘူးဆိုရင် လူထုရဲ့စက်ဆုပ်ရွံရှာမှုကို ခံစားနေရပြီဖြစ်တဲ့ မအလ စစ်အုပ်စုအဖို့ အာဏာဆက်ချုပ်ကိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ စဉ်းစားကြည့်လိုက်ပါ။ မအလစစ်အုပ်စုဟာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူထုစည်းရုံးရေး၊ တပ်တွင်းကျစ်လျစ်စုစည်းမှု၊ ဘယ်နေရာမှာမှ ခိုင်ခိုင်မာမာ၊ တောင့်တောင့်တင်းတင်း မရှိတော့ပါဘူး။လေတိုးရင်တောင်မှ ပြိုလဲ တော့မလိုလို အနေအထားမျိုးပါ။ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က အောက်တိုဘာ (၂၇) ရက်နေ့မှာ “အရပ်သားအစိုးရ ဖွဲ့စည်းနိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ နည်းလမ်းရှာဖို့ လိုအပ်နေတယ်”လို့ ပြောဆိုခဲ့တာဟာ မအလစစ်အုပ်စုရဲ့ အတုအယောင်ရွေး ကောက်ပွဲကို လက်မခံနိုင်ဘူးလို့ ပြောလိုက်တာပါပဲ။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ကတော့ ရှင်းရှင်းပြတ်ပြတ်ပဲပြောပါတယ်။ “ဒီဇင်ဘာလ (၂၈) နေ့မှာကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ” ပါတဲ့။

 

ဒါ့ကြောင့် မအလစစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ၊ လက်တွေ့မရှိတဲ့  “ကြောင်ခံတွင်းပျက်” ကိုလိုက်ရှာပြီး မက်လောက်စရာမရှိတဲ့ “ဇရက်တောင်ပံကျိုး” နဲ့ မျှားထောင်ဖို့ လုပ်လိုက်တဲ့ အပေါစားမျက်လှည့်ပြကွက်တစ်ခုပါပဲ။                ။

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page