ဝန်းသိုမြို့နယ် နမ်းခမ်းရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ ၂၀ ကျော် သေဆုံး
- BVJ
- Apr 18
- 1 min read
BVJ/အိုင်းရစ် _ ဧပြီ ၉ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ဝန်းသိုမြို့နယ် နမ်းခမ်းရွာကို စစ်ကောင်စီက ဒီနေ့ ဧပြီ ၉ ရက် နေ့လည်ပိုင်းနဲ့ ညနေပိုင်းမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နမ်းခမ်းရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီက နေ့လည် ၃ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာလေယာဉ်နဲ့ ၄ ကြိမ်၊ ညနေ ၆ နာရီဝန်းကျင်မှာ ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၂၀ ကျော် သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
“တိုက်ပွဲက မရှိဘူး။ နေ့လည် ၃ နာရီမှာ ၄ ကြိမ်၊ ၆ နာရီမှာ ၁ ကြိမ် လာကြဲသွားတာ၊ လောလောဆယ်တော့ သေဆုံးသူ ၂၀ ကျော်အထိရှိနေပြီ” လို့ Kawlin Info တာဝန်ခံတစ်ဦးက Burma VJ ကို ပြောပါတယ်။
နမ်းခမ်းရွာဆေးရုံနဲ့ ကျောင်းဟောင်းအနီးတို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူနေအိမ်အများပြား ပျက်စီးခဲ့တာလည်းဖြစ်သလို သေဆုံးသူတွေထဲမှာ ကလေးနဲ့ အမျိုးသမီးတွေလည်း ပါဝင်နေပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
ဝန်းသိုမြို့နဲ့ကပ်လျက်ရှိနေတဲ့ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီ ၇ ရက် ညပိုင်းမှာ အပြီးသတ်သိမ်းယူထားနိုင်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ငလျင်ဘေးကြောင့် လာမယ့် ဧပြီ ၂၂ ရက်နေ့အထိ အပစ်အခတ်ရပ်စဲထားမယ်လို့ စစ်ကောင်စီက ဧပြီ ၂ ရက်မှာ ထုတ်ပြန်ခဲ့ပေမဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ မြေပြင်ထိုးစစ်ဆင်မှုတွေလည်း ဆက်လက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
Comments