အီရန်အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းဝင် ၅ ဦးကို သြစတြေးလျနိုင်ငံကခိုလှုံခွင့်ပေး
- BVJ

- 2 hours ago
- 1 min read
အေတီ/BVJ_မတ် ၁၀၊ ၂၀၂၆

အာရှဖလားပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ အီရန်အမျိုးသမီးဘောလုံးအသင်းက ကစားသမားငါးဦးကို လူသားချင်းစာနာထောက်ထားမှု ဗီဇာတွေပေးအပ်ထားကြောင်း သြစတြေးလျအစိုးရကထုတ်ပြန်ပါတယ်။
အဲ့ဒီ အီရန်အမျိုးသမီးဘောလုံးအသင်းသားတွေဟာ မူလကသူတို့မိခင်နိုင်ငံ ကိုပြန်ဖို့စီစဥ်ထားပေမယ့် ပြီးခဲ့တဲ့အပတ်က တောင်ကိုရီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပထမဆုံးပွဲစဉ်မတိုင်မီအချိန်မှာ သူတို့နိုင်ငံရဲ့ နိုင်ငံတော်သီချင်းကိုသီဆိုဖို့ငြင်းဆန်ခဲ့တဲ့အတွက် သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေမြင့်တက်လာခဲ့ပါတယ်။
အီရန်အမျိုးသမီးဘောလုံးအသင်းဝင်တွေ နိုင်ငံတော်သီချင်းမဆိုဘဲငြင်းဆန်ခဲ့တာဟာ အစိုးရကိုဆန့်ကျင်တဲ့နိုင်ငံရေးပြယုဂ် (Political Protest)တစ်ခုလို့ အီရန်အာဏာပိုင်တွေက ရှုမြင်ကြပါတယ်။ အထူးသဖြင့် စစ်မက်ဖြစ်ပွားနေတဲ့ ကာလမျိုးမှာ ဒါကို"သစ္စာဖောက်မှု"အဖြစ်သတ်မှတ်ပြီး ပြင်းထန်တဲ့ပြစ်ဒဏ်တွေ(ထောင်ဒဏ် သို့မဟုတ် အဲ့ထက်ဆိုးရွားတဲ့အရေးယူမှုတွေ) ချမှတ်လေ့ရှိတာကြောင့် ကစားသမားတွေရဲ့အသက်အန္တရာယ်နဲ့လုံခြုံရေးဟာ တကယ်ပဲ စိုးရိမ်စရာအနေအထားမှာ ရှိနေပါတယ်။
သြစတြေးလျလူဝင်မှုကြီးကြပ်ရေးဝန်ကြီး တိုနီဘာ့ခ်က အဲ့ဒီကစားသမား(၅)ဦးကို ရဲတပ်ဖွဲ့ကလုံခြုံတဲ့နေရာကိုရွှေ့ပြောင်းပေးထားကြောင်း သူတို့ဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေမဟုတ်ဘဲ လုံခြုံမှုလိုအပ်နေတဲ့ အားကစားသမားတွေသာဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အီရန်အမျိုးသမီးဘောလုံးအသင်းက ကျန်နေတဲ့အခြားသူတွေကိုလည်း သြစတြေးလျမှာဆက်လက်နေထိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ကျန်ရှိတဲ့အသင်းဝင်အားလုံးကိုလည်း သြစတြေးလျနိုင်ငံ လူဝင်မှုကြီးကြပ် ရေးဝန်ကြီးက ကြိုဆိုတယ်လို့ပြောထားတဲ့အတွက် ကျန်တဲ့သူတွေလည်း သြစတြေးလျမှာဆက်နေဖို့ ဆုံးဖြတ်ချက်ချလာနိုင်ပါတယ်။ဒီကိစ္စကြောင့် အီရန်နဲ့ သြစတြေးလျကြား သံတမန်ရေးရာတင်းမာမှုတွေ ပိုတိုးလာနိုင်ပါတယ်။ အီရန်ဘက်ကတော့ ဒါကိုသူတို့ရဲ့ ပြည်တွင်းရေးကိုစွက်ဖက်မှုအဖြစ် စွပ်စွဲနိုင်ပါတယ်။
ခရက်ဒစ်-ဘီဘီစီ




Comments