“ဝ” တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ မိုင်းယွန်းဒေသမှာ မြေရှားသတ္တုတွင်းတွေ တွေ့ရတယ်လို့ SHRF ထုတ်ပြန်
- BVJ

- May 16, 2025
- 1 min read
BVJ/ထက်အောင် _ မေ ၁၆ ၊ ၂၀၂၅
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းယွန်းဒေသမှာ မြေရှားသတ္တုတွင်း ၂ ခုကို ဂြိုလ်တုကနေ ရိုက်ယူထားတဲ့ မှတ်တမ်းဓာတ်ပုံတွေကနေတဆင့် တွေ့ရှိရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မနေ့ မေလ ၁၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ စစ်ကောင်စီတို့ ထိန်းချုပ်ထားတဲ့ မိုင်းယွန်းဒေသ နမ့်ခုတ်မြစ်အရှေ့ဘက် ၄ ကီလိုမီတာ ( ၂ မိုင်ကျော်) အကွာမှာရှိနေတဲ့ မြေရှားသတ္တုတွင်းတစ်ခုဟာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှာ စတင်လုပ်ဆောင်နေတာဖြစ်ပြီး နမ့်ခုတ်မြစ်နဲ့ ၂ ကီလိုမီတာ ( ၁ မိုင်ကျော်) အကွာမှာရှိနေတဲ့ မြေရှားသတ္တုတွင်က ၂၀၂၄ နှစ်လယ်ပိုင်းမှာ စတင်လုပ်ဆောင်လာတာဖြစ်တယ်လို့ SHRF က ဖော်ပြထားပါတယ်။
မြေရှားသတ္တုတွင်းရှိရာဒေသဟာ “ဝ” တပ်ဖွဲ့တွေ ထိန်းချုပ်ထားတာကြောင့် ဒေသတွင်းဝင်ရောက်ဖို့ခက်ခဲတာကြောင့် မြေပြင်အခြေအနေကို အတိအကျ မသိရသေးသလို တရုတ်လုပ်ငန်းရှင်တွေကို “ဝ” တပ်ဖွဲ့က လုံခြုံရေးယူပေးနေတာမျိုးရှိတယ်လို့လည်း SHRF ပြောရေးဆိုခွင့်ရှိသူထံက သိရပါတယ်။
“အဲဘက်ဒေသတွေက UWSA က ထိန်းချုပ်ထားတဲ့ဒေသတွေတော့ဖြစ်တော့ ဒေသခံတွေကလွဲရင် ဝင်လို့မရသေးဘူး။ လုပ်ကိုင်နေတာကတော့ “ဝ”တပ်ဖွဲ့က လုံခြုံရေးယူပေးပြီးတော့မှ တရုတ်လုပ်ငန်းရှင်တွေ လုပ်ကိုင်နေတယ်လို့တော့ သိထားရတယ်။ တရုတ်လုပ်ငန်းရှင်တွေလာတဲ့လမ်းကြောင်းကလည်း စစ်ကောင်စီတွေရှိတယ်ဆိုတော့ စစ်ကောင်စီတွေကလည်း တစိတ်တပိုင်းတော့ ပတ်သက်မှုရှိတယ်လို့ ပြောလို့ရမယ်” လို့ SHRF သတင်းပြန်ကြားရေးတာဝန်ခံ ယိင်းလျန်းဟန်က Burma VJ ကို ပြောပါတယ်။
SHRF က ထုတ်ပြန်ထားတဲ့ UWSA ထိန်းချုပ်ဒေသတွင်း မြေရှားသတ္တုတွင်းတွေ တွေ့ရှိရတယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
မြေရှားသတ္တုတွင်းတွေဟာ နမ့်ခုတ်မြစ်အနီးမှာရှိနေတာကြောင့် မြေရှားသတ္တုတွင်းက စွန့်ပစ်ပစ္စည်းတွေဟာ နမ့်ခုတ်မြစ်အတွင်း စီးဝင်ပြီး ရေအရင်းအမြစ် ညစ်ညမ်းမှုကို ဖြစ်ပေါ်စေကာ မြစ်ကြောင်းတစ်လျှောက်နေထိုင်တဲ့ ဒေသခံပြည်သူတွေ ကျန်းမာရေး ထိခိုက်နိုင်တယ်လို့ SHRF က ဆိုပါတယ်။
SHRF က ရရှိထားတဲ့ ဂြိုလ်တုဓာတ်ပုံတွေရဲ့ ဖော်ပြချက်အရ မိုင်းယွန်းဒေသမှာရှိတဲ့ မြေရှားသတ္တုတွင်းပုံစံတွေဟာ ကချင်ပြည်နယ်အတွင်း တရုတ်ကုမ္ပဏီတွေ တူးဖော်နေတဲ့ Terbium (Tb) နဲ့ Dysprosium (Dy) တို့ကို အများအပြားတူးဖော်နေတဲ့ မြေရှားသတ္တုတွင်းပုံစံတွေနဲ့ တူနေတယ်လို့လည်း SHRF က ဖော်ပြထားပါတယ်။
မြေရှားသတ္တုတူးဖော်မှုကြောင့် အနီးဝန်းကျင်ဒေသတွေမှာ နေထိုင်နေကြတဲ့ ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့အပြင် တောင်တွေကိုအပေါက်ဖော်ကာ ပိုက်လိုင်းတွေကနေတဆင့် ဓာတုပစ္စည်းတွေ လောင်းထည့်ရတာကြောင့် မြေပေါ်မြေအောက် ရေအဆိပ်သင့်စေတာ၊ ငါးတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေကို သေဆုံးစေတာ၊ စိုက်ပျိုးရေးကို ထိခိုက်စေတာတွေအပြင် မြေပြိုမှုတွေ ဖြစ်ပေါ်စေနိုင်တာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေကလည်း ကန့်ကွက်မှုတွေ ရှိနေခဲ့ပါတယ်။
ကချင်ပြည်နယ်အတွင်းရှိနေတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းနေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက် အဲဒီဒေသမှာရှိနေတဲ့ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းတွေ ရပ်တန့်ထားတာတွေလည်း ရှိနေပါတယ်။













Comments