top of page

ဝီဂါလူမျိုးတွေကို ခိုလှုံခွင့်ပေးမယ်လို့ အမေရိကန်နဲ့ ကနေဒါက ကမ်းလှမ်းခဲ့ပေမဲ့ ထိုင်းက မျက်ကွယ်ပြုခဲ့

  • Writer: BVJ
    BVJ
  • Mar 8, 2025
  • 1 min read

BVJ/Moore _ မတ် ၅ ၊ ၂၀၂၅


တရုတ်နိုင်ငံ လေဆိပ်ကို ပြန်လည်ရောက်ရှိလာတဲ့ ဝီဂါလူမျိုးစုအချို့ကို တွေ့ရစဉ် (Photo: EPA)
တရုတ်နိုင်ငံ လေဆိပ်ကို ပြန်လည်ရောက်ရှိလာတဲ့ ဝီဂါလူမျိုးစုအချို့ကို တွေ့ရစဉ် (Photo: EPA)

ထိုင်းနိုင်ငံတွင်း ဆယ်စုနှစ်ကျော်ကြာ ထိန်းသိမ်းထားခဲ့တဲ့ ဝီဂါလူမျိုး ၄၈ ဦးကို အမေရိကန်နဲ့ ကနေဒါက သူတို့နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ပြုပေးမယ့်အကြောင်း ထိုင်းအစိုးရအာဏာပိုင်တွေထံ အကြောင်းကြားခဲ့ပေမဲ့ ထိုင်းအစိုးရက လျစ်လျူရှုခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။


တရုတ် ငြိုငြင်မှာကို စိုးရိမ်တဲ့ ထိုင်းအာဏာပိုင်တွေဟာ အမေရိကန်နဲ့ ကနေဒါတို့ရဲ့ တောင်းဆိုမှုကို လျစ်လျူရှုပြီး ဝီဂါတွေ ၄၀ ဦးကို တရုတ်နိုင်ငံ ပြန်ပို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံတွင်း ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိန်းသိမ်းခံထားရတဲ့ ဝီဂါလူမျိုး ၄၈ ဦးရှိနေပြီး ၄၀ ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ တရုတ်နိုင်ငံ ပြန်ပို့ခဲ့တာလည်း ဖြစ်ပါတယ်။


ဝီဂါလူမျိုးတွေကို တရုတ်နိုင်ငံ ပြန်ပို့ခဲ့တဲ့ ထိုင်းအစိုးရရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့နဲ့ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ချိန် ဝီဂါလူမျိုးတွေကို တရုတ်အစိုးရက ဥပဒေနဲ့အညီ ဆက်ဆံမယ်လို့ ကတိပေးခဲ့တာကြောင့် ပြန်ပို့ခဲ့တာဖြစ်တယ်လို့ ထိုင်းဘက်က တုံ့ပြန်ခဲ့ပါသေးတယ်။


ရှင်ကျန်းမြို့ အနောက်မြောက်ပိုင်းမှာရှိတဲ့ လူနည်းစု ဝီဂါမွတ်စလင်တွေကို တရုတ်အစိုးရက ညှင်းပန်းနှိပ်စက် ဖိနှိပ်မှုတွေလုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း စွပ်စွဲပြောကြားထားပြီး ဖမ်းဆီးထားချိန် ပုံစံမျိုးစုံနဲ့ နှိပ်စက်ခံနေရတယ်လို့ ဆိုပါတယ်။


ဝီဂါလူမျိုး ၄၈ ဦးကို တတိယနိုင်ငံမှာ ပြန်လည်နေရာချထားဖို့ နိုင်ငံအများအပြားကို ကမ်းလှမ်းခဲ့ပေမဲ့ စိတ်ဝင်စားမှုမရှိခဲ့ကြဘူးလို့ ထိုင်းဒုတိယဝန်ကြီးချုပ် ဖွန်သိမ်ဝီချရာချိုင်းက တနင်္လာနေ့ (မတ်လ ၃ ရက်) မှာ ပြောခဲ့ပါသေးတယ်။


“ကျွန်တော်တို့ ၁၀ နှစ်ကျော် စောင့်ဆိုင်းနေခဲ့ပါတယ်။ တခြားနိုင်ငံကြီးတွေကိုလည်း သူတို့ကို ခေါ်ယူနိုင်မလားဆိုတာ မေးမြန်းခဲ့ပါတယ်။ ဘယ်သူကမှ ရေရေရာရာ မတုံ့ပြန်ခဲ့ကြပါဘူး” လို့ ဒုဝန်ကြီးချုပ်က သတင်းထောက်တွေကို တုံ့ပြန်ဖြေကြားထားပါတယ်။


ဝီဂါလူမျိုး ၄၈ ဦးကို အမေရိကန်အပါအဝင် တခြားနိုင်ငံတွေမှာ ပြန်လည်နေရာချဖို့ ကမ်းလှမ်းခဲ့တာမျိုးရှိခဲ့တယ်လို့ အမေရိကန်အစိုးရဌာန တာဝန်ရှိသူတစ်ဦးကလည်း ရိုက်တာသတင်းဌာနကို ဖြေကြားထားပါတယ်။


“သူတို့ (ဝီဂါ) ကို ပြန်မပို့ခင် အစောပိုင်းနှစ်တွေကတည်းက အမေရိကန်အစိုးရက ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ဒီအဖြစ်အပျက်မတိုင်ခင် အတူလက်တွဲလုပ်ဆောင်ခဲ့တာတွေ ရှိပါတယ်။ ဝီဂါလူမျိုးတွေကို အမေရိကန်အပါအဝင် တခြားနိုင်ငံတွေမှာ ပြန်လည်နေရာချထားပေးဖို့ ထပ်ကာထပ်ကာ ပြောဆိုခဲ့တာမျိုး ရှိပါတယ်” လို့ အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။


ကနေဒါနိုင်ငံအနေနဲ့လည်း ထိုင်းနိုင်ငံတွင်း ထိန်းသိမ်းခံထားရတဲ့ ဝီဂါလူမျိုးတွေကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာမျိုး သံတမန်နည်းလမ်းအရရော တွေ့ဆုံမှုတွေမှာပါ ပြောဆိုခဲ့တာမျိုးရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဩစတြေးလျနိုင်ငံကလည်း ခိုလှုံပေးမယ့် ကမ်းလှမ်းမှုမျိုးတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။


ဒါပေမဲ့ ဒီကမ်းလှမ်းအဆိုပြုချက်တွေကို ထိုင်းအစိုးရက ဆက်လက်ဆောင်ရွက်တာမျိုးမရှိဘဲ တရုတ်အစိုးရရဲ့ ငြိုငြင်မှာကို စိုးရိမ်နေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး တရုတ်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတို့ကို ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမျိုး မရှိသေးပါဘူး။


ကနေဒါလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီအကြောင်းအရာပေါ် သူ့အနေနဲ့ သီးသန့်မှတ်ချက်မပေးလိုကြောင်း ပြောဆိုခဲ့ပြီး ဩစတြေးလျနိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနကတော့ ထိုင်းအစိုးရရဲ့ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။


ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ ထိုင်းနိုင်ငံတွင်း ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသား တရားမဝင်ရွှေ့ပြောင်း ၄၀ ဦးအနေနဲ့ ကြီးမားတဲ့ ပြစ်မှုကျူးလွန်မှုမရှိပါက သူတို့မိသားစုနေအိမ်ကို ပြန်သွားနိုင်ပြီး မိသားစုနဲ့အတူ နေထိုင်နိုင်မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page