အီရန်စစ်ပွဲကြောင့် နောက်လမှာလုပ်မယ့် တောင်ကိုရီးယားနဲ့ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှုကို အမေရိကန်ဖျက်သိမ်း
- BVJ

- 3 hours ago
- 1 min read
နီသွင်/BVJ_သြဂုတ် ၂၄၊ ၂၀၂၆

အမေရိကန်နဲ့အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ဆင်နွှဲနေမှုကြောင့် စစ်ဘက်ဆိုင်ရာ အင်အားအကျပ်အတည်းတွေရှိလာတဲ့အတွက် လာမယ့်လမှာပြုလုပ်ဖို့စီစဉ်ထားတဲ့ အကြီးစားပူးတွဲရေတပ်ရေကြောင်းစစ်ရေးလေ့ကျင့်မှုကို အမေရိကန်ဘက်ကဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံကပြောပါတယ်။
"အရှေ့အလယ်ပိုင်းက အခြေအနေတွေကြောင့် ဒီနှစ်ကျင်းပမယ့်ဆန်ယောင်း (sangyong)စစ်ရေးလေ့ကျင့်မှုမှာ တပ်ဖွဲ့တွေကိုဖြန့်ကျက်ချထားနိုင်စွမ်း ကန့်သတ်ချက်တွေရှိလာမယ်လို့ အမေရိကန်မရိန်းတပ်ဖွဲ့က ဇွန်လမှာ ကျွန်တော်တို့တပ်ဖွဲ့တွေကို တရားဝင်အကြောင်းကြားခဲ့ပါတယ်"လို့ တောင်ကိုရီးယား မရိန်းတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဟန်ဆောင်းဂျွန် (Han Seung-jeon) က တနင်္လာနေ့သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။
၂နှစ်တစ်ကြိမ်ပြုလုပ်တဲ့ ဆန်ယောင်းစစ်ရေးလေ့ကျင့်မှုတွေမှာ တောင်ကိုရီးယားနဲ့အမေရိကန်မရိန်းတပ်ဖွဲ့တွေပါဝင်ကြပြီး ပူးတွဲစစ်ဆင်ရေးစွမ်းရည်မြင့်မားလာစေဖို့ရည်ရွယ်တာဖြစ်ကာ စစ်သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ ကုန်းကြောင်းတပ်ဖွဲ့တွေပူးပေါင်းပြီး ရေကြောင်းကနေ ကုန်းဆင်းတိုက်ခိုက်တဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်လေ့ရှိကြပါတယ်။
အဆိုပါ ရေကြောင်းစစ်ရေးလေ့ကျင့်မှုကိုပြန်လည်စတင်ရေးနဲ့ပတ်သက်ပြီး ဆိုးလ်နဲ့ဝါရှင်တန်တို့ ဆက်လက်ဆွေးနွေးတိုင်ပင်နေဆဲဖြစ်ကြောင်း၊ အသေး စိတ်အချက်အလက်တွေကိုတော့ ပြောကြားခဲ့ခြင်းမရှိကြောင်း ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ပင်တဂွန် (Pentagon)ဘက်ကတော့ ချက်ချင်းတုံ့ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။
ပြီးခဲ့တဲ့သောကြာနေ့ကပြီးဆုံးခဲ့တဲ့ သီးခြားနှစ်ပတ်လည်ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို စရိတ်စကနဲ့အီရန်စစ်ပွဲမှာပါဝင်ဖို့ တောင်ကိုရီးယားကငြင်းဆန်မှုကို အကြောင်းပြပြီး အတိုင်းအတာလျှော့ချဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အံ့အားသင့်စရာ အမိန့်ကြေညာချက်ထွက်ပေါ်လာပြီးနောက် အခုလိုကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
နှစ်ပတ်လည် Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုတွေကို ၁၁ ရက်ကြာမြင့်ရာကနေ ၅ ရက်သာလုပ်ဆောင်တော့ဖို့ဆိုပြီးလျှော့ချခဲ့ပါတယ်။ သမ္မတထရမ့်ဟာ သူရဲ့ပထမသမ္မတသက်တမ်းအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တည်ဆောက်ခဲ့တဲ့ဆက်ဆံရေးကိုလည်း ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းနေပါတယ်။
ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာချိန်ကစလို့ ခြိမ်းခြောက်မှုကင်းရှင်းပြီး လေးစားမှုရှိခဲ့တဲ့ နိုင်ငံတစ်နိုင်ငံအတွက် Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တာဟာ "လုံးဝမသင့်လျော်ဘဲ ရန်လိုတဲ့အချက်ပြမှုကိုပေးရာရောက်နေတယ်"လို့ သူရဲ့ Truth Social လူမှုကွန်ရက်ပလက်ဖောင်းမှာ ပြီးခဲ့တဲ့တစ်ပတ်ကရေးသားခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုတွေကိုလျှော့ချခဲ့ပေမဲ့ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့တစ်ပတ်က ရေတိုပစ်ခတ်ဒုံးကျည် ၁၀ စင်းကိုပစ်ခတ်ခဲ့ပြီး အဲ့ဒီစစ်ရေးလေ့ကျင့်မှုတွေကိုရှုတ်ချကြောင်း ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ အခုလိုပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကိုကျူးကျော်ဖို့လေ့ကျင့်ခန်းတွေအဖြစ် အရင်ထဲကရှုတ်ချကန့်ကွက်ခဲ့ပါတယ်။
ဒါ့အပြင် ကင်ဂျုံအွန်နဲ့ "သင့်သင့်မြတ်မြတ် နေထိုင်ဖို့"ကအရေးကြီးကြောင်း၊ အခုအခါ ပြုံယမ်းမှာ "အလွန်အင်အားကြီးမားတဲ့" နူကလီးယားလက်နက် ၅၇ လက်ရှိနေပြီဖြစ်ကြောင်းကိုလည်း အမေရိကန်သမ္မတက ပြီးခဲ့တဲ့တစ်ပတ်က ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ခန့်မှန်းချက်အရတော့ မြောက်ကိုရီးယားမှာ အဲဒီလိုလက်နက်မျိုး အစင်း ၈၀ ကနေ ၁၂၀ အထိရှိတယ်လို့သိရပါတယ်။
သမ္မတထရမ့်ဟာ သူရဲ့ ပထမသက်တမ်းအတွင်း ကင်ဂျုံအွန်နဲ့ သုံးကြိမ်တိုင်တိုင်တွေ့ဆုံခဲ့ပေမယ့် ၂၀၁၉ ခုနှစ်၊ဟနွိုင်းမြို့မှာပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားရဲ့ နူကလီးယားလက်နက် ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး သဘောတူညီချက်မရဘဲပျက်ပြားသွားခဲ့ရပြီးနောက်မှာတော့ ပြုံယမ်းဘက်က သူတို့ရဲ့ နူကလီးယားအစီအစဉ်တွေကို ပိုမိုအရှိန်မြှင့်တင် လုပ်ဆောင်လာခဲ့ပါတယ်။
ခရက်ဒစ်-AL Jazeera




Comments