top of page

ရုရှားရဲ့ခြိမ်းခြောက်မှုတွေကြားက ယူကရိန်းကိုဆက်ကူညီသွားမယ်လို့ ယူကေဝန်ကြီးချုပ် အန်ဒီဘန်းဟမ်းကပြော

  • Writer: BVJ
    BVJ
  • 3 hours ago
  • 1 min read

သူရ/BVJ_သြဂုတ် ၂၄၊ ၂၀၂၆

ရုရှားနိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကြားထဲကပဲ ယူကရိန်းကိုဆက်ပြီးကူညီသွားမယ်လို့ ယူကေဝန်ကြီးချုပ် အန်ဒီဘန်းဟမ်းကပြောလိုက်ပါတယ်။ ယူကေဝန်ကြီးချုပ်အနေနဲ့ ယူကရိန်းကို ပထမဆုံးအကြိမ်တရားဝင်သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ၊ ရုရှားရဲ့ "ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေ"ကြောင့် နောက်မဆုတ်ဘဲ ဖိအားတွေဆက်ပေးသွားမယ်လို့ သူက ကတိပြုခဲ့တာပါ။


သူဟာ "ဆန္ဒတူမဟာမိတ်အဖွဲ့" အစည်းအဝေးကို ဦးဆောင်ကျင်းပမှာဖြစ်ပြီး ယူကရိန်းအနေနဲ့ ကိုယ်ပိုင်တာဝေးပစ်ဒုံးကျည်တွေတည်ဆောက်နိုင်ဖို့အတွက် ဒီဇိုင်းပုံစံတွေကိုပါလက်လွှဲပေးနေပါပြီ။ ယူကရိန်းကို စတောင်းရှက်ဒိုး (Storm Shadow) တာဝေးပစ်ဒုံးကျည်တွေ အစောဆုံးထောက်ပံ့ပေးခဲ့တာက ယူကေနိုင်ငံဖြစ်ပါတယ်။ ယူကေက ယူကရိန်းကို ၂၀၂၃ ခုနှစ်ကစပြီး စတောင်းရှက်ဒိုး ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာတော့ ယူကရိန်းဟာ အဲ့ဒီဒုံးကျည်တွေကို ရုရှားနယ်မြေထဲကပစ်မှတ်တွေအပေါ် ပထမဆုံးအကြိမ်အဖြစ်အသုံးပြုခဲ့ပါတယ်။ အဲဒီမတိုင်ခင်တုန်းကတော့ ယူကရိန်းဟာ အဆိုပါလက်နက်တွေကို ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေထဲကပစ်မှတ်တွေအပေါ်မှာပဲသုံးခဲ့တာပါ။


ယူကေဟာ ယူကရိန်းကို စတောင်းရှက်ဒိုး ဒုံးကျည်တွေထောက်ပံ့ပေးနေတာ လနဲ့ချီရှိပြီဖြစ်ပေမယ့် အမေရိကန်လိုပဲ ကိယက်ဗ်မြို့ကို ရုရှားနယ်မြေထဲအထိ လှမ်းပြီး ပစ်ခတ်ခွင့်မပြုထားခဲ့ပါဘူး။ ဒါပေမဲ့ ဂျိုးဘိုင်ဒန် အစိုးရအဖွဲ့က အလားတူ ATACMS ဒုံးကျည်တွေကို ယူကရိန်းနယ်စပ်အပြင်ဘက်မှာ အသုံးပြုခွင့်ပေးဖို့ စည်းမျဉ်းတွေကိုပြင်ဆင်လိုက်ပြီးနောက်မှာတော့ ဒီအခြေအနေပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။

စတောင်းရှက်ဒိုး (Storm Shadow) ဒုံးကျည်ဆိုတာကတော့ ပြင်သစ်နဲ့ ယူကေတို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ရန်သူ့ရေဒါစနစ်တွေမမြင်နိုင်အောင် ရှောင်ရှားနိုင်စွမ်းရှိပြီး (low-observable) တာဝေးပစ်လေကြောင်းကနေပစ်ခတ်ရတဲ့ ခရုဇ်ဒုံးကျည်အမျိုးအစားဖြစ်ပါတယ်။ အဲဒီဒုံးကျည်ကို ၁၉၉၄ ခုနှစ်ကတည်းက Matra နဲ့ British Aerospace ကုမ္ပဏီတွေ ပူးပေါင်းစတင်တည်ဆောက်ခဲ့တာဖြစ်ပြီး၊ လက်တလောမှာတော့ MBDA ကုမ္ပဏီကထုတ်လုပ်နေတာဖြစ်ပါတယ်။


Sibylline စွန့်စားရမှု ထောက်လှမ်းရေးလုပ်ငန်းရဲ့ အမှုဆောင်အရာရှိချုပ် ဂျပ်စတင်ခရမ့်ပ့် (Justin Crump) ကတော့ ဒီဒုံးကျည်တွေဟာ "ဒုံးပျံတွေထက် ပိုပြီး အသေအပျောက်များတယ်" လို့ ဆိုပါတယ်။ ဒါ့အပြင် "ခိုင်မာစွာ တည်ဆောက်ထားတဲ့ ဘန်ကာတွေနဲ့ အဖိုးတန်စစ်ရေးပစ်မှတ်တွေကို" တိုက်ခိုက်ဖို့အတွက် အသင့်တော်ဆုံး ဖြစ်ဆဲပါပဲလို့ သူက ပြောပါတယ်။


ယူကရိန်းမြို့ပြတွေအပေါ် တိုက်ခိုက်ရာမှာသုံးနေတဲ့ ရုရှားရဲ့ အစ္စကန်ဒါ (Iskander) ပစ်ခတ်ဒုံးကျည်တွေကို ရုရှားဘက်ကနေ ထုတ်လွှတ်နေတဲ့ နေရာတွေကို လိုက်လံတိုက်ခိုက်ဖို့အတွက် ယူကရိန်းအနေနဲ့ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ အဲဒီဒုံးကျည် ဗားရှင်းတွေကို အသုံးပြုလာနိုင်တယ်လို့လည်း ခရမ့်ပ့်က ဆိုပါတယ်။


တော်ဝင်ယူနိုက်တက် စစ်ဘက်လေ့လာရေးအဖွဲ့ (RUSI) က ခရစ္စတိုဖာဘာ့ဂ်စ် (Christoph Bergs) ကတော့ Storm Shadow ဒုံးကျည် ထုတ်လုပ်ရေးလုပ်ငန်းတွေကို စတင်ဖို့ အချိန်ယူရဦးမှာဖြစ်ပေမဲ့၊ အထူးပြု ခရုဇ်ဒုံးကျည် အမျိုးအစားဖြစ်တဲ့ ဒါတွေက ယူကရိန်းမှာလက်ရှိရှိပြီးသား လက်နက်တွေကိုပိုမိုအားဖြည့်ပေးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဗလာဒီမာပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဗြိတိန်ဟာ ရုရှားစစ်ပွဲကို မီးလောင်ရာလေပင့်ပေးနေတယ်လို့ စွပ်စွဲခဲ့ပြီးနောက်မှာ ဝန်ကြီးချုပ် အန်ဒီဘန်းဟမ်းက ပြန်လည်ချေပပြောဆိုလိုက်ပါတယ်။ "မီးစလောင်အောင် လုပ်ခဲ့တာ ဘယ်သူလဲဗျာ။ အဲဒါပဲ မေးစရာရှိတာပေါ့" လို့ တနင်္လာနေ့က ကိယက်ဗ်မြို့မှာ သတင်းထောက်တွေကို ဘန်းဟမ်းက ပြောခဲ့ပါတယ်။


ဒါ့အပြင် ယူကေဝန်ကြီးချုပ်က တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ပြုလုပ်မယ့် ဆန္ဒတူမဟာမိတ်အဖွဲ့ (coalition of the willing) ရဲ့ အစည်းအဝေးမှာ ဒုံးကျည် ကြားဖြတ်ဟန့်တားရေးစနစ်တွေအကြောင်းက အဓိက ဆွေးနွေးမယ့်အကြောင်းအရာ ဖြစ်လာမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ရုရှားဘက်က လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်မှုတွေ လုပ်နေပေမဲ့ ယူကရိန်းအပေါ် ယူကေရဲ့ ထောက်ပံ့ကူညီမှုတွေက ဘာမှပြောင်းလဲသွားတာ မရှိဘူးလို့ ဒေါင်းနင်းလမ်း (Downing Street) ကလည်း အစောပိုင်းမှာ ပြောဆိုထားပါတယ်။


ရုရှားနဲ့ ယူကရိန်းတို့ကတော့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် တိုက်ခိုက်နေဆဲပါပဲ။ ခါကိဗ်ဒေသမှာ လူငါးဦး သေဆုံးသွားပြီလို့ ယူကရိန်းဘက်က ဆိုသလို၊ ရုရှားဘက်ကလည်း ကလေးစင်တာတစ်ခု "ဒုံးကျည်အစအန" ထိမှန်လို့ ဆယ်ကျော်သက် သုံးဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ယူကရိန်းအတွက် ယူကေရဲ့ စစ်ရေးအကူအညီတွေက အရေးပါပေမဲ့၊ ရုရှားဘက်က ပစ်လိုက်တဲ့ ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားချေမှုန်းနိုင်ဖို့ဆိုရင် ယူကရိန်းအနေနဲ့ ခေတ်မီဆန်းပြားတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ အရေးတကြီး လိုအပ်နေသေးကြောင်း လက်နက်ရေးရာကျွမ်းကျင်သူတွေကပြောဆိုနေကြပါတယ်။


၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရုရှားက ယူကရိန်းကိုကျူးကျော်စစ်စတင်ဆင်နွှဲခဲ့တာကြောင့် ယူကရိန်းကို ကာကွယ်ရေးနဲ့တန်ပြန်တိုက်ခိုက်ရေးတွေ လုပ်ဆောင်နိုင်ဖို့အတွက် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ခေတ်မီလက်နက်ခဲယမ်းတွေ၊ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေအမြောက်အများနဲ့ တာဝေးပစ်ဒုံးကျည်တွေ (ဥပမာ - Storm Shadowနဲ့ ATACMS)ကိုထောက်ပံ့ပေးလျက်ရှိပါတယ်။

ခရက်ဒစ်- ဘီဘီစီ

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page