ကုန်သွယ်ဖက်နိုင်ငံကိုစီးပွားရေးပိတ်ဆို့မှုတိုးမြှင့်လိုက်တာကြောင့် အကျိုးစီးပွားကိုကာကွယ်သွားမယ်လို့ တရုတ်သတိပေး
- BVJ

- 2 minutes ago
- 2 min read
BVJ_သြဂုတ် ၂၅၊ ၂၀၂၆

အမေရိကန်က အီရန်ကိုစီးပွားရေးပိတ်ဆို့မှုတွေတိုးမြှင့်လိုက်တဲ့အပေါ် တရုတ်က သူတို့ရဲ့အကျိုးစီးပွားကိုကာကွယ်သွားမယ်လို့ သတိပေးလိုက်ပါတယ်။
တရုတ်နိုင်ငံနဲ့ကုန်သွယ်ဖက်နိုင်ငံတွေအပေါ် အမေရိကန်ကစီးပွားရေးပိတ်ဆို့မှုအသစ်တွေချမှတ်ဖို့ရှိတယ်လို့ကြေညာလိုက်ပြီးနောက် တရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့အကျိုးစီးပွားတွေကိုကာကွယ်သွားမယ်လို့ ပြင်းပြင်းထန်ထန်သတိပေးလိုက်တာဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျီယန်က ဒီလိုတဖက်သတ် တရားမဝင်ပိတ်ဆို့မှုတွေကို တရုတ်နိုင်ငံအနေနဲ့အပြင်းအထန်ကန့်ကွက်ပြီး သူတို့ရဲ့အခွင့်အရေးတွေကိုကာကွယ်ဖို့အတွက် "လိုအပ်တဲ့ အစီအမံမှန်သမျှ"ကို လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အခုလိုတုံ့ပြန်လာတာဟာ တနင်္လာနေ့မှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့် (Scott Bessent)က အစီအမံအသစ်တွေကိုကြေညာခဲ့ပြီး အီရန်နဲ့ ငွေကြေးအရပူးပေါင်းဆောင်ရွက်နေတဲ့ဘယ်နိုင်ငံမဆို အသိုင်းအဝိုင်းကနေအထီးကျန်ဖြစ်သွားလိမ့်မယ်လို့ သတိပေးခဲ့ပြီးနောက်ပိုင်းမှာဖြစ်လာတာပါ။
တရုတ်နိုင်ငံဟာ အီရန်ရေနံကိုအများဆုံးဝယ်ယူနေတဲ့နိုင်ငံဖြစ်ပေမယ့် အမေရိကန်ရဲ့ အီရန်ဆိပ်ကမ်းတွေအပေါ် ပိတ်ဆို့မှုတွေကြောင့် ဒီကုန်သွယ်မှုပမာဏတော့ကျဆင်းသွားခဲ့ပါတယ်။
"တရုတ်နဲ့ အီရန်ကြားကပူးပေါင်းဆောင်ရွက်မှုဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေဘောင်အတွင်းမှာသာ အမြဲတမ်းရှိခဲ့တာဖြစ်ပြီး ဘယ်သူ့ရဲ့ဝင်ရောက်စွက်ဖက်မှု ဒါမှမဟုတ် ဖျက်ဆီးမှုကိုမှခံရမှာမဟုတ်ပါဘူး"လို့ လင်ကျီယန်ကပြောပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်ကတော့ ဒီပိတ်ဆို့မှုအစီအစဉ်ဟာ အီရန်အပေါ် "သမိုင်းတစ်လျှောက်အကြီးမားဆုံးငွေကြေးဆိုင်ရာ တိုက်ခိုက်မှု" ဖြစ်တယ်လို့ဖွဲ့ဆိုခဲ့ပြီး အီရန်နဲ့ဆက်ဆံရေးတွေကို မဖြတ်တောက်ဘဲဆက်လုပ်နေမယ့် ဘဏ်တွေနဲ့စီးပွားရေးလုပ်ငန်းတွေဟာလည်း အီရန်လိုပဲ အထီးကျန်သွားမယ့်အရေးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။
တိကျတဲ့ နိုင်ငံအမည်တွေကိုတော့ သူကအတိအကျပြောဆိုခဲ့ခြင်းမရှိပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာ့ခေါင်းဆောင်တွေဆီကို ဖုန်းဆက်ပြီး "အီရန်အစိုးရနဲ့ ဆက်ဆံမှုတွေကိုရပ်ဆိုင်းဖို့ တိတိကျကျတောင်းဆိုသွားမယ်"လို့ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်ဘဏ်တွေနဲ့ပတ်သက်တဲ့မေးခွန်းတစ်ခုကို ဖြေကြားရာမှာတော့ ဘက်ဆင့်က "အမေရိကန်ရဲ့ ပိတ်ဆို့မှုလက်တံ မမီတဲ့သူဆိုတာ လုံးဝမရှိဘူး" ဆိုတာကို ရှင်းရှင်းလင်းလင်းသိစေချင်တယ်လို့ ဆိုခဲ့ပါတယ်။
ဒီကြေညာချက်ဟာ လာမယ့်လမှာ သမ္မတထရမ့်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးဖို့ရှိနေချိန်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဝါရှင်တန်အနေနဲ့ ကမ္ဘာပေါ်မှာထွက်ရှိတဲ့ ရှားပါးမြေရှားသတ္တုနဲ့ အခြား အဆင့်မြင့်နည်းပညာထုတ်ကုန်တွေအတွက် အလွန်အရေးပါတဲ့အဓိက သတ္တုတွင်းထွက်ပစ္စည်းအများစုကို ကိုင်တွယ်ချုပ်ကိုင်ထားတဲ့ တရုတ်ရဲ့လက်တုံ့ပြန်မယ့်အရေးကို သတိကြီးကြီးထားစောင့်ကြည့်နေမှာ သေချာပါတယ်။
တရုတ်အစိုးရက အမေရိကန်နဲ့ အရင်လုပ်ခဲ့တဲ့ကုန်သွယ်ရေးဆွေးနွေးပွဲတွေတုန်းကလည်း ရှားပါးမြေရှားသတ္တုတွေတင်ပို့မှုကိုတင်းကျပ်ထားပြီးသား ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့တုံ့ပြန်မှုမတိုင်ခင်မှာပဲ အီရန်စီးပွားရေးဝန်ကြီး အလီ မာဒါနီဇာဒက်က တီဟီရန်မြို့အနေနဲ့ ဒီလိုကျယ်ပြန့်လာမယ့် ပိတ်ဆို့မှုတွေအတွက် "အပြည့်အဝပြင်ဆင်ထားပြီးဖြစ်ကြောင်း"နဲ့ ဒါဟာ အမေရိကန်အတွက် "နောက်ထပ် ရှုံးနိမ့်မှုတစ်ခု"ကိုဦးတည်သွားစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
"အစိုးရအနေနဲ့ ဒါကိုရင်ဆိုင်ဖို့အဆင်သင့်ဖြစ်နေပြီးသားဖြစ်သလို ဒီလိုအခြေအနေမျိုးကိုကိုင်တွယ်ဖို့ ၂နှစ်စာအစီအစဉ်လည်း ရှိပါတယ်"လို့ သူက နိုင်ငံပိုင်ရုပ်သံလိုင်းကို ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့မှာလည်း ကိုယ်ပိုင်နည်းလမ်းတွေရှိပြီး ဒီကစားပွဲကိုဘယ်လိုကရမလဲဆိုတာကောင်းကောင်းသိပါတယ်"လို့ သူကဆိုပြီး တီဟီရန်အနေနဲ့ ဒီအစီအစဉ်တွေကို "အကြာကြီး စောင့်မျှော်နေခဲ့တာ"ဖြစ်တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
အမေရိကန်က သူတို့ရဲ့ပိတ်ဆို့မှုအသစ်ကို "စီးပွားရေးအရ လူဆိုးစာရင်းသွင်းရေးစစ်ဆင်ရေး (Operation Economic Outcast)" လို့ နာမည်ပေးထားပြီး အီရန်အပေါ် "စီးပွားရေးဆိုင်ရာ D-Day"တစ်ခုလိုဖော်ပြခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ အီရန်စစ်ပွဲစတင်ခဲ့တာ ခြောက်လနီးပါးအကြာမှာထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒီပဋိပက္ခကြောင့် ကမ္ဘာတဝန်းမှာ ရေနံဈေးနှုန်းတွေမြင့်တက်လာခဲ့ပြီး တီဟီရန်ဘက်က ကမ္ဘာ့စီးပွားရေးအတွက်အသက်သွေးကြောဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကနေ ရေနံတင်ပို့မှုကိုပိတ်ဆို့ထားသလို အမေရိကန်ကလည်း သူတို့ရဲ့ ရေတပ်ပိတ်ဆို့မှုတွေနဲ့ရေကြောင်းသွားလာမှုကို နှေးကွေးအောင် လုပ်ဆောင်ထားပါတယ်။
ဒီပဋိပက္ခကို သံတမန်နည်းလမ်းနဲ့အဆုံးသတ်ဖို့ မကြာသေးခင်ကကြိုးပမ်းမှုတွေကလည်းမအောင်မြင်ခဲ့ဘဲ ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေး သက်တမ်းဟာလည်း ပြီးခဲ့တဲ့တစ်ပတ်က ဘာဖြေရှင်းချက်မှမထွက်လာဘဲနဲ့ ကုန်ဆုံးသွားခဲ့ပါပြီ။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးကတော့ ပိတ်ဆို့မှုအသစ်တွေကိုကြေညာတဲ့အချိန်မှာ အမေရိကန်ဟာ "အီရန်ရဲ့ ခြိမ်းခြောက်မှုကိုဆက်ပြီးထိန်းချုပ်နေတော့မှာမဟုတ်ဘဲ အပြီးသတ်ရှင်းလင်းတော့မှာဖြစ်တယ်"လို့ပြောကြားခဲ့ပါတယ်။အီရန်ဟာ အမေရိကန်ရဲ့ပြင်းထန်တဲ့ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရပြီးသားဖြစ်ပေမယ့် အခုလုပ်ရပ်တွေကပိုပြီးပြင်းထန်တယ်လို့ ဘက်ဆင့်ကဆိုပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ အီရန်က ရေနံရောင်းချဖို့အတွက်ပိတ်ဆို့မှုတွေကိုရှောင်တိမ်းရာမှာသုံးနေတဲ့ ငွေကြေးဆိုင်ရာလမ်းကြောင်းတွေ၊ ကြားခံလူတွေနဲ့ကွန်ရက်တွေကို ဖော်ထုတ်ထားပြီး ဖွဲ့စည်းပုံအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ သင်္ဘော ၆၀ နီးပါးကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ လေ့လာသုံးသပ်သူတွေကတော့ တရုတ်နိုင်ငံမတုံ့ပြန်ရသေးခင်ကတည်းက ဒီပိတ်ဆို့မှုအသစ်တွေအပေါ် သံသယရှိနေကြပါတယ်။
Capital Economics ရဲ့ ပင်မ ရာသီဥတုနဲ့ကုန်စည်စီးဆင်းမှုဆိုင်ရာ စီးပွားရေးပညာရှင် ဒေးဗစ်အော့စ်လေ(David Oxley)က ဘီဘီစီကိုပြောကြားရာမှာ အီရန်ရဲ့ စွမ်းအင်ဝင်ငွေအပေါ် တိုက်ရိုက်သက်ရောက်မှုကတော့ "သိပ်ပြီး ထူးခြားတဲ့ ရလဒ်ထွက်လာမှာမဟုတ်ဘူး"လို့ဆိုပါတယ်။
"ဒီပိတ်ဆို့မှုအသစ်တွေဟာ ရေတိုမှာ အီရန်ရဲ့ စွမ်းအင်စီးဆင်းမှုအပေါ် အကန့်အသတ်နဲ့ပဲ သက်ရောက်မှု ရှိမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်" လို့ သူက ပြောပါတယ်။
ဒီလိုဖြစ်ရတာက အီရန်ရေနံရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို တရုတ်နိုင်ငံက ဝယ်ယူနေတာကြောင့်ဖြစ်ပြီး "တရုတ်က အရင်ကလည်း အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို အသိအမှတ်မပြုခဲ့သလို ဒီတစ်ခါလည်း ခြိမ်းခြောက်တာကို ခံမှာမဟုတ်ဘူး" လို့ သူက ထပ်လောင်းပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းများ လေ့လာရေးအဖွဲ့ (International Crisis Group) ရဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အဖ්රိက အစီအစဉ် လက်ထောက်ညွှန်ကြားရေးမှူး အလီ ဗေဇ် (Ali Vaez) ကတော့ "ယေဘုယျအားဖြင့် တရုတ်တွေက တဖက်သတ် ပိတ်ဆို့မှုတွေကို ဆန့်ကျင်ပါတယ်။ သူတို့က ဘက်စုံ ဒါမှမဟုတ် နိုင်ငံတကာ ပိတ်ဆို့မှုတွေကိုတော့ လိုက်နာကြပြီး အမေရိကန်က တဖက်သတ်လုပ်တဲ့ ပိတ်ဆို့မှုတွေကိုတော့ တရားမဝင်ဘူးလို့ အမြဲတမ်း မြင်ကြပါတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် ပါကစ္စတန် (Pakistan)၊ တူရကီနဲ့ အီရတ် စတဲ့ အီရန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းချင်ကြပေမယ့် "အီရန်နဲ့ ဆက်ဆံရေးကို လုံးဝဖြတ်တောက်လိုက်ဖို့ဆိုတာတော့ သူတို့အတွက် မဖြစ်နိုင်ပါဘူး" လို့ ဘီဘီစီ ရေဒီယို ၄ ရဲ့ Today အစီအစဉ်မှာ ဗေဇ်က ပြောကြားခဲ့ပါတယ်။
အီရန်အပေါ် စီးပွားရေးအရ ဖိအားပေးတာတွေက "အလုပ်မဖြစ်ဘူး" လို့ သူက ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အီရန်အစိုးရဟာ "ဘယ်လို ဒုက္ခမျိုးကိုမဆို ခံနိုင်ရည်ရှိပြီး" အဲ့ဒီအခက်အခဲတွေကို ပြည်သူတွေဆီကိုပဲ လွှဲချပစ်ဖို့ ဝန်မလေးကြလို့ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ အခုကြေညာချက်ကြောင့် ထိခိုက်ခံရနိုင်ခြေရှိတဲ့ အခြား ကုန်သွယ်ဖက်နိုင်ငံတွေထဲမှာ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့လည်း ပါဝင်ပေမယ့် လက်ရှိအချိန်အထိတော့ ဘာမှတုံ့ပြန်ပြောဆိုလာခြင်းမရှိသေးပါဘူး။
ခရက်ဒစ်-ဘီဘီစီ




Comments