လက်နက်ကိုင်တိုက်ပွဲတွေရပ်တန့်ပေးကြဖို့ စစ်ခေါင်းဆောင် ပြောလာ
- BVJ

- Mar 20, 2025
- 1 min read
BVJ/ယူဂရင်း_ မတ် ၁၉၊ ၂၀၂၅

လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ဆူပူအကြမ်းဖက်မှုကိုလုပ်ဆောင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေကို ရပ်တန့်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
‘’ယနေ့ လက်နက်ကိုင်တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပတ်သက်သူများကိုလည်း ပြည်သူများ ဒုက္ခရောက်စေပြီး နိုင်ငံကို အန္တရာယ်ကျရောက်စေမည့် လုပ်ရပ်များကို နိုင်ငံနှင့်ပြည်သူအကျိုးရှေးရှု၍ ရပ်တန့်ပေးကြရန် အသိပေးမှာကြားလိုပါသည်”လို့ ဒီနေ့မှာကျရောက်တဲ့ (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့အတွက် သဝဏ်လွှာပေးပို့ရာမှာ ထည့်သွင်းပြောလိုက်တာပါ။
ဒါ့အပြင် ဒီနေ့ဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေနဲ့ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ နိုင်ငံရေးအမြင် မတူညီမှုတွေကို အခြေခံသလို တသီးတခြားရပ်တည်လိုစိတ်နဲ့ အတ္တအကျိုးစီးပွားကိုသာ ရှေ့တန်းတင်နေကြတာကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းနဲ့ အကြမ်းဖက်မှုတွေရဲ့နောက်ကွယ်မှာ ပြည်တွင်းပြည်ပက အမျိုးမျိုးသော ပံ့ပိုးမှုတွေနဲ့ သွေးထိုးလှုံ့ဆော်မှုတွေပါဝင်နေတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောထားပါတယ်။
စစ်ကောင်စီအနေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး ထွက်ပေါ်လာတဲ့အစိုးရကို နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆောင်ရွက်သွားမယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ လက်နက်ကိုင်အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ပြောနေပေမယ့်လည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဆီမှာ ဆုံးရှုံးထားရတဲ့ နယ်မြေတွေအပါအဝင် ဒေသအသီးသီးကို နေ့စဉ့်နေ့တိုင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေ နေ့စဉ်သေဆုံးနေရပါတယ်။
အခုလအတွင်းမှာပဲ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့တာကြောင့် အမျိုးသမီးတွေအပါအဝင် အရပ်သား (၃၆)ဦးသေဆုံးခဲ့ရသလို ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို အခုလ ၁၄ရက်နဲ့ ၁၆ရက်တို့မှာ လေကြောင်းဗုံးကြဲခဲ့တာကြောင့် သံဃာ(၆)ပါးအပါအဝင် ဒေသခံ(၁၃)ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။




Comments