လူ ၁၇၉ ဦး သေဆုံးခဲ့တဲ့ လေယာဉ်ပျက်ကျမှုအပြီး ဘိုရင်း ၇၃၇-၈၀၀ လေယာဉ်အားလုံးကို စစ်ဆေးဖို့ တောင်ကိုရီးယားအစိုးရ ညွှန်ကြား
- Zayar Oo
- Dec 31, 2024
- 1 min read
BVJ/ထက်အောင် _ ဒီဇင်ဘာ ၃၀ ၊ ၂၀၂၄

မနေ့က ဖြစ်ပွားခဲ့တဲ့ တောင်ကိုရီးယားလေယာဉ် ပျက်ကျမှုအတွင်း လေယာဉ်ဝန်ထမ်းနဲ့ ခရီးသည် ၁၇၉ ဦး သေဆုံးခဲ့ပြီး ၂ ဦးသာ အသက်ရှင်ခဲ့ပါတယ်။ ဆိုးရွားတဲ့ လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက် ဘိုရင်း ၇၃၇-၈၀၀ အားလုံးကို စစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ တောင်ကိုရီးယားအစိုးရက ညွှန်ကြားခဲ့ပါတယ်။
တောင်ကိုရီးယားမြေပေါ်မှာ ဆိုးရွားတဲ့လေယာဉ်ပျက်ကျမှုအခြေအနေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပူးပေါင်းလုပ်ဆောင်ဖို့အတွက် အမေရိကန်လေကြောင်းလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဘိုရင်းလေကြောင်းကုမ္ပဏီဝန်ထမ်းတွေဟာလည်း တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာကြပါတယ်။ ကနဦး လေယာဉ်ပျက်ကျမှုအခြေအနေနဲ့ပတ်သက်ပြီး ဒေသဆိုင်ရာတာဝန်ရှိသူတွေက ငှက်ဝင်တိုက်မှုကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပျက်ကျခဲ့တဲ့ ဘိုရင်း ၇၃၇-၈၀၀ မှာ လေယာဉ်ဝန်ထမ်းအပါအဝင် စုစုပေါင်း ၁၈၁ ဦး လိုက်ပါလာခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံသား ၂ ဦးကလွဲရင် ကျန်တဲ့အားလုံးဟာ တောင်ကိုရီးယားနိုင်ငံသားတွေဖြစ်ပါတယ်။ ငှက်နဲ့ ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် လေယာဉ်မှူးတွေက အရေးပေါ်အခြေအနေ အကြောင်းကြားခဲ့ပြီး လေယာဉ်ဆင်းသက်မှု လုပ်ဆောင်ချိန် ဘီးချမရဖြစ်ခဲ့ကာ ပြေးလမ်းချော်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့သူတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ဖို့ မိမိတို့ အစိုးရအဖွဲ့အနေနဲ့ အစွမ်းကုန်လုပ်ဆောင်သွားမယ်လို့ တောင်ကိုရီးယားယာယီသမ္မတ ချွဲဆန်းမော့က ပြောကြားထားပြီး ကျန်ရစ်သူမိသားစုတွေကိုလည်း လိုအပ်တာတွေ ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ သေဆုံးသွားသူတွေထဲက ၁၄၆ ဦးကိုသာ သူတို့ရဲ့ DNA နဲ့ လက်ဗွေရာကို အသုံးပြုပြီး အမည် ဖော်ထုတ်ထားနိုင်ပါသေးတယ်။
နောက်ထပ်ဖြစ်ရပ်ဆိုးတွေ ထပ်မံမကြုံတွေ့ရစေဖို့အတွက် နိုင်ငံတွင်း လေကြောင်းလိုင်းအားလုံးကို အရေးပေါ်လုံခြုံရေးစစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ကိုလည်း ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရသူတွေအတွက် မနေ့က ဒီဇင်ဘာ ၂၉ ရက်နေ့ကစပြီး ၇ ရက်တာကာလကို ဝမ်းနည်းဖွယ်အထိမ်းအမှတ်အဖြစ် သတ်မှတ်ပြီး နိုင်ငံတော်အလံကိုလည်း တိုင်တစ်ဝက်သာ လွှင့်ထူထားမယ်လို့ တောင်ကိုရီးယားအစိုးရက ကြေညာခဲ့ပါတယ်။
Photo: Reuters














Comments