တောမီးလောင်ကျွမ်းမှုကြောင့် ပြင်သစ်မှာ လူသိန်းနဲ့ချီအရေးပေါ်ရွှေ့ပြောင်းပေးရ
- BVJ

- Jul 27
- 1 min read
သူရ/BVJ_နိုဝင်ဘာ၂၆ ၊၂၀၂၆

ပြင်သစ်နိုင်ငံမှာ တောမီးတွေအရမ်းပြင်းထန်နေတဲ့အတွက် လူပေါင်း ၅၅,၀၀၀ ထပ်ပြီးရွှေ့ပြောင်းပေးခဲ့ရပါတယ်။ နိုင်ငံတဝန်းမှာ မီးတွေကအရှိန်အဟုန်နဲ့ပိုဆိုးလာတာကြောင့် အခုဆိုရင် မြို့ ၆ မြို့ကနေ လူတွေကိုအရေးပေါ် ရွှေ့ပြောင်းပေးလိုက်ရတာပါ။
အခုနောက်ဆုံး ရွှေ့ပြောင်းရတဲ့မြို့တွေကတော့ ဂျီရွန်ဒ် (Gironde) ဒေသ၊ ဘော်ဒိုးမြို့ရဲ့ တောင်ဘက်ပိုင်းကမြို့တွေပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး ဥရောပနိုင်ငံတွေမှာ တောမီးတွေအကြီးအ ကျယ်လောင်ကျွမ်းနေတာပါ။ အဓိကအားဖြင့် ပြင်သစ်နဲ့စပိန်မှာဖြစ်ပြီး လူပေါင်း ၃၃၀,၀၀၀ ကျော်ကို နေရာရွှေ့ပြောင်းပေးထားရပါတယ်။ ပြင်သစ်မှာတော့အဆိုးဆုံးပါ။ တောမီးကြောင့် ဧက ၄၂,၀၀၀ ကျော်ပျက်စီးသွားပြီး ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးဆုံးတောမီးလောင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာတင် တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ဧက ၉၈,၀၀၀ လောက် မီးလောင်ကျွမ်းခဲ့ပြီးပါပြီ။
မီးသတ်လုပ်ငန်းတွေကိုဦးဆောင်နေတဲ့ ကပ္ပတိန် နီကိုလတ် ဘရာဇ် (Nicolas Braz) ကတော့ ဒီမီးလောင်မှုကနေ သူ့အလိုလိုလေပြင်းတွေတိုက်လာပြီး "မုန်တိုင်းလိုမျိုး လေဝဲတွေ"ပါဖြစ်ပေါ်လာနေတယ်၊ မီးကလည်း ဘက်စုံကနေ ထိန်းမနိုင်သိမ်းမရလောင်ကျွမ်းနေတယ်လို့ ပြောပါတယ်။
ပြင်သစ်ပြည်ထဲရေးဝန်ကြီး လော်ရန့် နူနက်ဇ် (Laurent Nunez) ကတော့ တနင်္ဂနွေနေ့မှာ အခြေအနေက"အရမ်းကို ဆိုးရွားနေသေးတယ်"။မီးကလည်း ဘော်ဒိုးမြို့ဘက်ကိုဦးတည်ပြီး မမှန်းဆနိုင်လောက်အောင်ရွေ့လျားနေတယ်လို့ ပြောပါတယ်။ ခြောက်သွေ့နေတဲ့အပင်တွေနဲ့လေပြင်းတိုက်ခတ်မှုကြောင့် မီးက ပိုပြီးပျံ့နှံ့လာသလို၊ စပိန်ကိုသွားတဲ့ A63 အဝေးပြေးလမ်းမကြီး ၆၀ ကီလိုမီတာ (၃၇ မိုင်)လောက်ကိုလည်း ပိတ်ထားလိုက်ရပါတယ်။
လာထရီဘွန်း (La Tribune)သတင်းစာနဲ့ အင်တာဗျူးမှာ နူနက်ဇ်က "ဒီမီးကို ထိန်းချုပ်ဖို့ အချိန်အများကြီးယူရဦးမှာ"လို့ပြောခဲ့ပြီး မီးမငြိမ်းမချင်း ရွှေ့ပြောင်းထားရတဲ့ ဒေသခံတွေရော၊ ခရီးသွားတွေပါနေရပ်ပြန်လို့မရသေးဘူးလို့ ဆိုပါတယ်။
အစိုးရအနေနဲ့လည်း စစ်တပ်ကိုပါအကူအညီခေါ်ထားပြီး မီးသတ်သမားတွေကို ကူညီဖို့အတွက် တောလမ်းတွေရှင်းပေးတာ၊ မီးကူးစက်မှုမရှိအောင် ကြားခံလမ်းကြောင်းတွေလုပ်ပေးတာမျိုး လုပ်ဆောင်နေပါတယ်။ သမ္မတ အီမန်နျူရယ် မက်ခရွန်ကတော့ "ပြင်သစ်နိုင်ငံအနေနဲ့ ပြန်လည်တည်ဆောက်သွားမှာပါ၊ လိုအပ်သရွေ့ အချိန်ကာလတစ်ခုအထိ အစိုးရကပြည်သူတွေနဲ့အတူရှိနေမှာပါ" လို့ ပြောကြားခဲ့ပါတယ်။
တဖက်မှာလည်း စပိန်နိုင်ငံမှာမီးတွေဆက်လောင်နေပါတယ်။ မက်ဒရစ်နဲ့ အာဗီလာ (Ávila)ဒေသတွေကနေ လူပေါင်း ၉၀,၀၀၀ ကျော်ကိုရွှေ့ပြောင်းပေးထားရပါတယ်။ စနေနေ့ နှောင်းပိုင်းမှာတော့ တိုလီဒို (Toledo) နားက မြို့နယ်အနည်းဆုံး ၈ ခုကိုလည်းရွှေ့ပြောင်းဖို့အမိန့်ထုတ်ခဲ့ရပေမယ့် လူဦးရေ ဘယ်လောက်ပါသွားလဲဆိုတာတော့ မသိရသေးပါဘူး။
တနင်္ဂနွေနေ့မှာ အပူချိန်တွေမြင့်တက်လာပြီး စိုထိုင်းဆနည်းပါးလာမယ်လို့ ခန့်မှန်းထားတဲ့အတွက် မီးကပိုပြီးပျံ့နှံ့လာဖို့ရှိနေပါတယ်။ မက်ဒရစ်ဒေသရဲ့ အုပ်ချုပ်ရေးမှူး အစ္စဘယ် ဒိုင်ယာဇ် အယူးဆို (Isabel Díaz Ayuso) ကတော့ "ဒီမီးဟာ ဒေသသမိုင်းမှာအဆိုးရွားဆုံးပဲ"လို့ပြောပါတယ်။ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ် (Pedro Sánchez)ကလည်း "ရှေ့ဆက်ရမယ့် ကာလတွေက ခက်ခဲလိမ့်ဦးမယ်"လို့ဝန်ခံပြောကြားထားပါတယ်။ ဒါ့အပြင် ဗလင်စီယာ (València) မှာလည်းမီးလောင်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ရတယ်လို့ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။
ခရက်ဒစ်-ဘီဘီစီ



Comments