ပိုးဟပ်ပါတီဦးဆောင်တဲ့ဆန္ဒပြပွဲတွေကြောင့် အိန္ဒိယပညာရေးဝန်ကြီး ရာထူးက နုတ်ထွက်ရ
- BVJ

- Jul 27
- 1 min read
အီးကေ/BVJ_ဇူလိုင် ၂၅၊ ၂၀၂၆

အိန္ဒိယပညာရေးဝန်ကြီး ဒါမန်ဒရာ ပရာဒန်ဟာ စာမေးပွဲမေးခွန်းပေါက်ကြားမှုနဲ့ စာမေးပွဲကျင်းပရေးဆိုင်ရာမမှန်မကန်မှုတွေကြောင့် ရက်သတ္တပတ်ပေါင်းများစွာ ဆန္ဒပြမှုတွေဖြစ်ပွားပြီးတဲ့နောက်မှာတော့ ရာထူးကနေနုတ်ထွက်သွားခဲ့ပါပြီ။
ဒီဆန္ဒပြပွဲတွေကို "Cockroach Janta Party" (CJP) ပိုးဟပ်ပါတီကဦးဆောင်ခဲ့တာပါ။ ဒါဟာ တကယ့်နိုင်ငံရေးပါတီမဟုတ်ဘဲ ကနဦးမှာလှောင်ပြောင်ရယ်မောစရာ ကမ်ပိန်းတစ်ခုအနေနဲ့စတင်ခဲ့ရာကနေ နောက်ပိုင်းမှာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှုပ်ရှားမှုကြီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုဟာ မကြာသေးတဲ့နှစ်တွေအတွင်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီရဲ့ အစိုးရကိုဆန့်ကျင်တဲ့ အကြီးမားဆုံးဆန္ဒပြမှုတွေထဲကတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒေလီမြို့မှာ လူပေါင်းထောင်နဲ့ချီပြီး စခန်းချဆန္ဒပြခဲ့သလို၊ ဆန္ဒပြလှုပ်ရှားမှုတွေကလည်း တစ်နိုင်ငံလုံးကိုပျံ့နှံ့သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က တက်ကြွလှုပ်ရှားသူ ဆိုနမ် ဝမ်ချွတ်ကို ရဲတပ်ဖွဲ့က အတင်းအဓမ္မဆေးရုံပို့လိုက်တဲ့နောက်မှာတော့ ဒီလှုပ်ရှားမှုကပိုပြီးအရှိန်ရလာခဲ့ပါတယ်။ သူဟာ ၂၆ ရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့ရာကနေ သောကြာနေ့မှာတော့ အစာငတ်ခံဆန္ဒပြမှုကိုရပ်ဆိုင်းလိုက်ပါတယ်။ပါလီမန်ဆီချီတက်တဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကအကြမ်းဖက်နှိမ်နင်းလိုက်တဲ့လုပ်ရပ်ကလည်း ပြည်သူတွေရဲ့ ဒေါသကို ပိုမိုပေါက်ကွဲစေခဲ့ပါတယ်။
"Cockroach" (ပိုးဟပ်)ဆိုတဲ့နာမည်ကိုတော့ အဆင့်မြင့်တရားသူကြီးတစ်ဦးက အလုပ်လက်မဲ့လူငယ်အချို့ကိုရည်ညွှန်းပြီးသုံးနှုန်းလိုက်တဲ့နောက်မှာ ဆန္ဒပြသူတွေကပြန်လည်ယူသုံးခဲ့တာပါ။ သူတို့ဟာဒီနာမည်ကိုပဲ ခံနိုင်ရည်ရှိခြင်းနဲ့ စိန်ခေါ်တော်လှန်ခြင်းရဲ့ သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြတာဖြစ်ပါတယ်။

အသက် ၅၇ နှစ်အရွယ် အိန္ဒိယပညာရေးဝန်ကြီး ပရာဒန်ဟာ မိုဒီရဲ့ ဘာရာတီယာ ဂျာနာတာပါတီ(BJP)က ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ အနာဂတ်မှာ BJPကိုဦးဆောင်နိုင်သူတစ်ယောက်အနေနဲ့တောင် သတ်မှတ်ခံထားရသူပါ။ ၂၀၁၄ ခုနှစ်မှာ မိုဒီ အာဏာရလာကတည်းက ဝန်ကြီးအဖြစ်တာဝန်ယူလာခဲ့ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့၊ သံမဏိ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပညာရေးဝန်ကြီးဌာနတွေကို တာဝန်ယူခဲ့သူဖြစ်ပါတယ်။
ခရက်ဒစ်-ဘီဘီစီ



Comments