လူအခွင့်ရေးနေ့ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ရန်ကုန်က လူငယ်နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထား
- Zayar Oo
- Dec 17, 2024
- 1 min read
BVJ/အေတီ_ ဒီဇင်ဘာ ၁၇ ၊၂၀၂၄

လူ့အခွင်းရေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ကိုရန်နောင်ကြည်ဝင်းနှင့် ကိုသက်ထူးဇော်တို့ကို စစ်ကောင်စီက ဒီဇင်ဘာ ၁၀ ရက် ည ၇ နာရီမှာ ဖမ်းဆီးခဲ့ကြောင်း ရွှေပြည်သာ သပိတ်ကော်မတီက မနေ့က သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၀ ရက် “အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့” အထိမ်းအမှတ် ဆန္ဒပြပွဲအပြီးမှာ သူတို့ နှစ်ဦးအဖမ်းခံခဲ့ရတာလို့ ရွှေပြည်သာသပိတ်ကော်မတီရဲ့ ထုတ်ပြန်ချက်ထဲမှာ အတည်ပြုထားပါတယ်။
ကိုရန်နောင်ကြည်ဝင်းနှင့် ကိုသက်ထူးဇော်တို့နှစ်ဦး အဖမ်းခံရတာနဲ့ပတ်သက်လို့ စစ်အာဏာရှင် ဆန့်ကျင်ဖြုတ်ချရေး ရန်ကုန်မြို့က ပျောက်ကြားသပိတ်တွေမှာ ဦးဆောင်ပါဝင်နေတဲ့သူတစ်ဦးက Burma VJ ကို အခုလိုပြောပါတယ်။
“လူ့အခွင့်အရေးအတွက် လှုပ်ရှားတောင်းဆို တိုက်ပွဲဝင်ခဲ့တဲ့ ကျွန်တော်တို့ ရဲဘော်တွေ အခုအချိန်မှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရပြီ။ ဒါကြောင့် ဒီရဲဘော်တွေဖမ်းဆီးခံရမှုက ဘာကိုထပ်ပြီး သက်သေပြနေလဲဆိုရင် မြန်မာပြည်မှာ လူ့အခွင့်အရေး လုံးဝစိတ်သုဥ်းပျောက်ကွယ်နေတယ်။ အင်မတန်အခြေခံကျတဲ့ လူတစ်ယောက်ရဲ့ အသက်ရှင်သန်ပိုင်ခွင့်ဆိုတာကိုတောင် စစ်ကောင်စီ စစ်အုပ်စုက အကြီးအကျယ်ခြိမ်းခြောက်နေတယ်လို့ ပြောလို့ရတယ်။ ဘယ်လိုအခက်အခဲတွေပဲရှိရှိ ကျွန်တော်တို့ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အုပ်စုပြုတ်ကျရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီတည်ဆောက်နိုင်ရေးအတွက် ပုံသဏ္ဌာန်ပေါင်းစုံနဲ့ တိုက်ပွဲဆက်ဝင်သွားမှာဖြစ်တယ်”
မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ -NGYSC နှင့် ရွှေပြည်သာသပိတ်ကော်မတီတို့ ပူးပေါင်းပြီး ၇၆ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ "လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ " ဘန်နာစာသား ဆွဲကိုင်ပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်တွေနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်အလံကို မီးရှို့တာ ၊ စစ်ကောင်စီတပ်ကို ဆန့်ကျင်တဲ့ စာသားတွေရေးထားတဲ့ စတေကာတွေကပ်တဲ့ လှုပ်ရှားမှုတွေ ရန်ကုန်မြို့နေရာအချို့မှာ ပြုလုပ်ခဲ့ကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ရန်ကုန်မြို့မှာ ပျောက်ကြား သပိတ်တွေပြုလုပ်နေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY)အဖွဲ့က ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ၊ ကိုဇော်လင်းထွဋ် (ခ)ဖိုးသား၊ ကိုအောင်မင်းခိုင် (ခ)မဲကြီးနှင့် မမြမဉ္ဇူတို့ကို ၂၀၂၄ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့ ဆန္ဒပြပွဲပြီးနောက်ပိုင်းမှာ ဆက်တိုက်ဖမ်းဆီးခဲ့ပါတယ်။




Comments