စစ်သင်္ဘောတွေဝင်လာတာကြောင့် မြစ်ကမ်းဘေးကပြည်သူတွေအမြန်ရှောင်ကြဖို့ ကသာပအဖသတိပေး
- BVJ

- 1 day ago
- 1 min read
မိုနာ/BVJ_သြဂုတ် ၂၅၊ ၂၀၂၆

အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေဟာ အခုလက်ရှိမှာ စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ် ကျောက်မှော်ကျေးရွာကိုရောက်ရှိနေပြီး မကြာခင်မှာကသာမြို့နယ်ကိုဝင်လာတော့မှာဖြစ်တာကြောင့် ဒေသခံပြည်သူတွေအမြန်ဆုံးရှောင်ရှားကြဖို့ဆိုပြီး ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ သြဂုတ် ၂၅ရက်မှာ သတိပေးထုတ်ပြန်လာပါတယ်။
မြစ်ကမ်းဘေးက မိဘပြည်သူတွေအနေနဲ့ လက်နက်ကြီး၊လေကြောင်းအန္တရာယ်တို့ကနေ ကင်းဝေးစေဖို့အတွက် အမြန်ဆုံးရှောင်ရှားပေးကြဖို့ မေတ္တာရပ်ခံအသိပေးနှိုးဆော်တာဖြစ်တယ်လို့ ကသာပအဖက ပြောထားပါတယ်။
စစ်တပ်ဟာ အရပ်သားပြည်သူတွေ၊ သာသနိကအဆောက်အဦတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် မပေါ့ဆဖို့ကိုလည်းတိုက်တွန်းထားပါတယ်။
လက်ရှိတော့ ကသာမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာမျိုးမရှိဘူးလို့လည်း ဒေသခံတွေကဆီကသိရပါတယ်။
အခုလ ဩဂုတ် ၂၀ရက်၊မနက် ၉နာရီကျော်အချိန်မှာလည်း အာဏာသိမ်းစစ်တပ်ဟာ ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာနဲ့ချောင်းဝကျေးရွာကြားကို ဂျက်ဖိုက်တာနဲ့လေကြောင်းဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နောက်ထပ်အမျိုးသားနဲ့အမျိုးသမီးနှစ်ဦးလည်းထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။




Comments