လာအိုနိုင်ငံကပေးတဲ့ လျှပ်စစ်ကို အစားထိုးအသုံးပြုဖို့ တာချီလိတ်မြို့ တာဝန်ရှိသူတွေ လုပ်ဆောင်နေ
- BVJ

- Feb 5, 2025
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၅ ၊ ၂၀၂၅

မြန်မာနိုင်ငံ တာချီလိတ်မြို့ကို ထိုင်းနိုင်ငံ အာဏာပိုင်တွေက လျှပ်စစ်မီးနဲ့ လောင်စာဆီ ပေးပို့မှု ဖြတ်တောက်လိုက်ချိန် မြို့နယ်အတွင်း လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို လာအိုနိုင်ငံကနေတဆင့် ပြန်ယူသွားမယ်လို့ တာချီလိတ်မြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မြို့မီးလင်းရေး ဦးဆောင်ကော်မတီက ထုတ်ပြန်လာပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီမှာ ထိုင်းနယ်စပ်နဲ့ ထိစပ်နေတဲ့ မြန်မာဘက်ခြမ်း တာချီလိတ်မြို့နယ်က ဒေသ ၂ ခုအပါအဝင် နေရာ ၅ ခုကို အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) နှိမ်နင်းရေးစီမံချက်နဲ့ လျှပ်စစ်မီးနဲ့ လောင်စာဆီ ပေးပို့မှု ရပ်ဆိုင်းခဲ့တာလည်း ဖြစ်ပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အနေနဲ့ လျှပ်စစ်ဓာတ်အားကို ထိုင်းနိုင်ငံကနေ ၂၀ မဂ္ဂါဝပ်နဲ့ လာအိုနိုင်ငံကနေ ၃၀ မဂ္ဂါဝပ် ရယူထားတာလည်း ဖြစ်ပါတယ်။ ထိုင်းဘက်ဖြတ်တောက်လိုက်တဲ့ လျှပ်စစ်ဓာတ်အား ၂၀ မဂ္ဂါဝပ်အတွက် လာအိုနိုင်ငံကနေ အစားထိုး ပြန်လည်ရယူသွားမယ်လို့ မြို့မီးလင်းရေး ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးဝေမှု အခြေအနေနဲ့ပတ်သက်ပြီး ဒီနေ့တစ်ရက်အတွင်း တာချီလိတ်မြို့ရဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ၉၀ ရာခိုင်နှုန်းကို လျှပ်စစ်မီးပြန်လည်ရရှိအောင် လုပ်ဆောင်ပေးသွားမယ်လို့ ပြောဆိုထားသလို ကျန် ၁၀ ရာခိုင်နှုန်း အခုရက်ပိုင်းအတွင်း ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတွင်း ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေရှိရာနေရာကို ထိုင်းနိုင်ငံက လျှပ်စစ်မီး ပေးပို့မှုရပ်ဆိုင်းချိန် လာအိုနိုင်ငံက လျှပ်စစ်မီး အစားထိုးပေးသွားဖို့ရှိနေတယ်လို့ လာအိုနိုင်ငံ သတင်းဌာနတစ်ခုဖြစ်တဲ့ The Laotian Times ကလည်း ရေးသားထားပါတယ်။














Comments