လားရှိုးမြို့ ကို စစ်ကောင်စီဘက်ကဝင်လာတာနဲ့အတူ နိုင်ကျဥ်းတွေနဲ့ CDM တွေ နေရာရွှေ့ပြောင်းနေရ
- BVJ
- Apr 24
- 1 min read
BVJ/အိုင်းရစ် _ ဧပြီ ၁၉ ၊ ၂၀၂၅

စစ်ကောင်စီနဲ့ လက်အောက်ခံ အုပ်ချုပ်ရေးရုံးပိုင်းဆိုင်ရာဝန်ထမ်းတွေ လားရှိုးကို ပြန်လည်ဝင်ရောက်လာချိန် မြို့အတွင်းမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ CDM ဝန်ထမ်းတွေ လုံခြုံရေး အခြေအနေကြောင့် နေရာရွှေ့ပြောင်းရမှုတွေရှိနေပြီး အခက်အခဲတွေလည်း ကြုံနေရတယ်လို့ သိရပါတယ်။
တရုတ်အစိုးရရဲ့ အကြိမ်ကြိမ်ဖိအားပေးမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီထံ ကိုးကန့်တပ်မတော် (MNDAA) က ပြန်လွှဲပေးခဲ့ရပြီး စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေ အခု ဧပြီလအတွင်းမှာ လားရှိုးမြို့အတွင်း စတင်ဝင်ရောက်လာနေကြတာလည်း ဖြစ်ပါတယ်။
“နိုင်ကျဥ်းတွေအားလုံး လားရှိုးမြို့ထဲကနေ စစ်တပ်အုပ်ချုပ်ရေးနဲ့ စရဖပိုင်းအချို့ ပြန်ဝင်လာတာရှိလို့ နေထိုင်ဖို့မလုံခြုံတဲ့အတွက် လုံခြုံတဲ့နေရာကို ကိုယ့်အစီအစဥ်နဲ့ကိုယ်စီ ရွှေ့ကြတယ်။ တော်တော်များများကတော့ လတ်တလော အလုပ်အကိုင်တွေပုံမှန်လို ပြန်မဖြစ်သေးတော့ ကျပ်တည်းနေကြတာရယ်၊ မိသားစုဝေး နယ်ဝေးကသူတွေမှာလည်း မိမိနေရပ်ကို မပြန်နိုင်သေးတဲ့အတွက် အခက်အခဲကြားကနေ အဆင်ပြေသလို ရွှေ့ပြောင်းကြရတယ်” လို့ လားရှိုးမြို့မှာနေထိုင်တဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦးက Burma VJ ကို ပြောပါတယ်။
စစ်ကောင်စီတပ်၊ စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ (စရဖ)နဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ Non CDM ဝန်ထမ်းတွေ အခု ဧပြီလဆန်းပိုင်းကတည်း လားရှိုးမြို့ထဲ ဝင်ရောက်လာနေကြပါတယ်။ လာမယ့် ဧပြီ ၂၂ ရက်နေ့မှာ စစ်ကောင်စီတပ်ဘက်က ရုံးပိုင်းဆိုင်ရာဝန်ထမ်းတွေ တရားဝင် ဝင်ရောက်လာဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်မတော် (MNDAA) က ၂၀၂၄ ဇူလိုင် ၂၅ ရက်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီးနောက် လားရှိုးမြို့ ဒေသခံပြည်သူ တွေနဲ့အတူ CDM ဝန်ထမ်းတွေ လာရောက်နေထိုင်နေကြပါတယ်။
MNDAA နဲ့ စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားချိန် လားရှိုးထောင်က လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်း သားတွေလည်း မြို့အတွင်းမှာနေထိုင်ခဲ့ကြတာဖြစ်ပေမဲ့ အခုချိန်မှာတော့ လုံခြုံရေးအခြေအနေကြောင့် လားရှိုးမြို့ကို စွန့်ခွာပြီး အခြားဒေသတစ်ခုကို ရွှေ့ပြောင်းနေကြတယ်လို့သိရပါတယ်။
“လွတ်ရက်စေ့ လွတ်ပြီးသားနိုင်ကျဥ်းတွေအတွက် နေဖို့လုံခြုံတယ်ဆိုတဲ့မှန်းဆချက်ရှိပေမဲ့ စရဖပိုင်းအချို့လည်း ပြန်ဝင်လာတာကြားထားတော့ လုံခြုံအောင် သူတို့လည်း ရွှေ့ပြောင်း နေကြတယ်။ မနေ့ကတော့ နောက်ဆုံးရက် သတ်မှတ်ပြီးရွှေ့ချတယ်။ အရင်ရက်တွေက ရွှေ့ကြတာလည်းရှိတယ်” လို့ လားရှိုးအကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူက ပြောပါတယ်။
လက်ရှိ လားရှိုးမြို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအပြောင်းအလဲကြောင့် CDM ဝန်ထမ်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေအတွက် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ ရင်ဆိုင်နေရပြီး နေရာဒေသသစ်တစ်ခုကို ထပ်မံရွှေ့ပြောင်းရတာကြောင့် နေထိုင်စားသောက်ရေးနဲ့ အလုပ်အကိုင်တွေအတွက် မသေချာမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။
ကိုးကန့်တပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်းက လားရှိုးမြို့ကနေ ထွက်ခွာသွားပေမဲ့ ကိုးကန့်ဆက်ဆံရေးရုံးက လားရှိုးမြို့မှာ ဆက်လက်ရှိနေမှာဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကိုးကန့်ဆက်ဆံရေးက စာရင်းရယူထားပြီး တစုံတခု ခြိမ်းခြောက်မှု ကြုံလာရပါက ကူညီဖြေရှင်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
“မိသားစုဝင်များ လုံခြုံရေးအတွက်တော့ မိသားစုဝင်စာရင်းနဲ့ နာမည်တွေကို ကိုးကန့်ထွေအုပ်ရုံးမှာ စာရင်းပေးကြပြီး ပြသနာတစ်စုံတစ်ရာ ခြိမ်းခြောက်မှုတစ်စုံတစ်ရာရှိခဲ့ရင် မိသား စုဝင်များ လုံခြုံရေးအတွက် လားရှိုးမှာရှိမယ့် ကိုးကန့်ဆက်ဆံရေးရုံးကနေ ကူညီဖြေရှင်းပေး သွားမဟ်လို့ပြောတယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လားရှိုး နိုင်ငံရေး အကျဉ်းသူတစ်ဦးက ပြောပါတယ်။
MNDAA ပြန်လည်ဆုတ်ခွာခဲ့တဲ့ လားရှိုးမြို့မှာ တရုတ်အစိုးရ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်သွားဖို့ရှိနေပြီး MNDAA ကလည်း ကိုးကန့်ဆက်ဆံရေးရုံးတစ်ခု ထားရှိခဲ့မှာဖြစ်ပါတယ်။
လက်ရှိအချိန်ထိတော့ လားရှိုးမြို့အခြေအနေနဲ့ပတ်သက်ပြီး MNDAA ဘက်ကရော စစ်ကောင်စီဘက်ကပါ တရားဝင်သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဒါ့အပြင် တရုတ်က လားရှိုးမှာ စစ်ကောင်စီရုံးဖွင့်ပြီး ကိုးကန့်နဲ့ စစ်ကောင်စီတပ်တွေရဲ့လှုပ်ရှားမှုအခြေအနေကို စောင့်ကြည့်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။
Comments