စစ်အုပ်စုရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြခဲ့တဲ့ မန္တလေးသပိတ်ခေါင်းဆောင်နဲ့အဖွဲ့ဝင် ၇ ဦး အမြင့်ဆုံးထောင်ဒဏ်တွေချမှတ်ခံရ
- BVJ

- 1 day ago
- 1 min read
ယူဂရင်း/BVJ_ဇူလိုင် ၂၉၊ ၂၀၂၆

ပြီးခဲ့တဲ့ ၂၀၂၅၊ ဒီဇင်ဘာလမှာဖမ်းဆီးခံရပြီးပျောက်ဆုံးနေတဲ့ မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင် အပါအဝင် သပိတ်ရဲဘော်(၈)ဦးကို စစ်အုပ်စုကထောင်ဒဏ် (၃၇)စီချမှတ်လိုက်တယ်လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက မနေ့က ဇူလိုင် ၂၈ရက်မှာထုတ်ပြန်ပါတယ်။
အသက် ၂၄နှစ်အရွယ်ကိုထက်မြတ်အောင်ဟာ စစ်တပ်အာဏာသိမ်းပြီးကထဲက မန္တလေးမြို့ လမ်းမတွေမှာ အကြမ်းမဖက်သပိတ်တိုက်ပွဲတွေမှာဦးဆောင်ပါဝင်သူတစ်ဦးဖြစ်ပြီး ၂၀၂၅၊ ဒီဇင်ဘာလ (၁၄)ရက်ကဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
အဲ့ဒီနောက် ကိုထက်မြတ်အောင်ကို စစ်အုပ်စုကစွဲချက်တင်ထားတဲ့ ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ကာကွယ်ပေးရေး ဥပဒေ၊ ပုဒ်မ ၂၃ (ခ)နဲ့ အမှုပေါင်း (၃)ခုအတွက် တစ်မှုကို(၁၀)နှစ်စီနဲ့ ထောင်ဒဏ်နှစ် (၃၀)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)နဲ့ထောင်ဒဏ် (၇)နှစ်၊ စုစုပေါင်း ထောင်ဒဏ် (၃၇) နှစ်ကို အခုလ ဇူလိုင် ၂၇ရက်မှာချမှတ်လိုက်တာဖြစ်တယ်လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂကဖော်ပြပါတယ်။
"ကိုထက်မြက်အောင်အပါအဝင် ထိုရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသော သပိတ်ရဲဘော် စုစုပေါင်း (၈)ဦးအား မတရားထောင်ဒဏ် (၃၇)နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်"လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂကပြောထားပါတယ်။

ဒီမိုကရေစီနဲ့လွတ်မြောက်မှု ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြတဲ့ ဆန္ဒပြကျောင်းသားပြည်သူတွေကို အခုလိုမတရားပြစ်ဒဏ်ချမှတ်တာကို အပြင်းအထန်ရှုတ်ချလိုက်ကြောင်းနဲ့ ကိုထက်မြက်အောင်အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ ရဲဘော်တွေလွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂကထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅၊ ဒီဇင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာ မန္တလေးမြို့၊ဈေးချိုတော်အနီးမှာ သပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်းနဲ့ကိုခန့်ဝေဖြိုးတို့ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ ဆန္ဒပြခဲ့ကြပါတယ်။အဲ့ဒီနောက် စစ်အုပ်စုဟာပါဝင်သူတွေကို ဆုကြေးငွေနဲ့လည်းဝရမ်းထုတ်ခဲ့သလို အသည်းအသန်ရှာဖွေဖမ်းဆီးမှုတွေလုပ်ခဲ့ပြီးနောက် ကိုထက်မြတ်အောင်ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။




Comments