လားရှိုးပုံစံမျိုးမဖြစ်ဖို့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ TNLA ပြော
- BVJ
- May 4
- 1 min read
BVJ/အိုင်းရစ် _ မေ ၄ ၊ ၂၀၂၅

တရုတ်အစိုးရရဲ့ အကြိမ်ကြိမ်ဖိအားပေးမှုတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ကိုးကန့်တပ်မတော် (MNDAA) က စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့တာကြောင့် ဒီလိုပုံစံမျိုးထပ်မဖြစ်ရအောင် ပြည်သူလူထုအပါအဝင် မဟာမိတ်တပ်ဖွဲ့တွေအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ တအာင်းတပ်မတော် (TNLA) တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး တာပန်လှက ပြောပါတယ်။
ဒီနေ့ မေလ ၄ ရက်နေ့မှာ တအာင်းတပ်မတော် (TNLA) က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပြီး တရုတ်ရဲ့ဖိအားတွေကို လက်ရှိအချိန်ထိ ကြုံတွေ့နေရသလို လားရှိုးဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပေါ်ဖို့အတွက် အားလုံးပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ (TNLA) ဗိုလ်မှူးကြီး တာပန်လှက ဆိုပါတယ်။
“လားရှိုးပုံစံမျိုးမကြုံရအောင် ရှိနေတဲ့ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေ၊ ပြည်သူတွေအားလုံးပေါ့နော်၊ PSLF/TNLA က ဦးဆောင်ပြီးမှဆောင်ရွက်နေတဲ့အတိုင်း လိုက်လံပြီးမှ ဆောင်ရွက်ပေးကြပါ။ တချို့နေရာတွေမှာ မြို့ကာကွယ်ရေးတပ်ဆိုပြီး ဆောင်ရွက်ထားတာမျိုးတွေ ရှိပါတယ်။ တက်တက်ကြွကြွပါဝင်ပေးဖို့လည်း မေတ္တာရပ်ခံလိုပါတယ်။ …. ဒါကို ကျွန်တော်တို့ ပြည်သူလူထုတွေရော မဟာမိတ်အဖွဲ့တွေကိုပါ သတင်းစကားပါလိုပါတယ်” လို့ ဗိုလ်မှူးကြီး တာပန်လှက ပြောပါတယ်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီး စစ်ကောင်စီနဲ့ တရုတ်အစိုးရက ပိတ်ဆို့ဖြတ်တောက်မှုတွေကြောင့် ဒေသခံပြည်သူတွေ အကျပ်အတည်းတွေနဲ့ ကြီးကြီးမားမား ရင်ဆိုင်နေရတယ်လို့လည်း ဗိုလ်မှူးကြီး တာပန်လှက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီအတွက် ပြည်သူလူထုတွေ ထပ်မံထိခိုက်နစ်နာမှုမဖြစ်ရအောင် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ဖိအားပေးမှုကတော့ အရင်ကတည်းကလည်းရှိခဲ့တယ်။ အခုလည်းရှိနေတယ်။ အခုလည်း ကြုံနေရတယ်။ ဖိအားပေးမှုမှာ ဘယ်လိုအနေအထားမျိုးဖြစ်လဲဆိုတော့ အထူးသဖြင့်တော့ ပြည်သူလူထု ထိခိုက်မှု အလွန်ပဲပြင်းထန်ပါတယ်။ စကစဘက်ကလည်း ပိတ်ဆို့ထားတယ်။ တရုတ်နိုင်ငံဘက်ကလည်း ဖြတ်ငါးဖြတ်ပုံစံမျိုး ဆောင်ရွက်လာတဲ့အတွက် တရုတ်နိုင်ငံ နယ်စပ်မှာနေကြတဲ့ ပြည်သူလူထုတွေ၊ နယ်စပ်ကို အခြေပြုပြီးမှ စားဝတ်နေရေးကိစ္စ ဖြေရှင်းရချိန် နယ်စပ်ကို ပိတ်လိုက်တော့ ပြည်သူလူထုတွေ အလွန်ပဲ ထိခိုက်မှု ဖြစ်ပါတယ်” လို့ ပြောပါတယ်။
တရုတ်ရဲ့ဖိအားပေးမှုတွေနဲ့ စစ်ကောင်စီနဲ့ နှစ်ဖက်ညှိနှိုင်းဆွေးနွေးချိန် TNLA က သိမ်းယူထားတဲ့မြို့တွေကို စစ်ကောင်စီထံ ပြန်ပေးမလား၊ ဒါမှမဟုတ် ပူးတွဲအုပ်ချုပ်မလားဆိုတာနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ အဲဒီလိုလုပ်ဆောင်မှာမျိုး မရှိသေးဘူးလို့ ဗိုလ်မှူးကြီး တာပန်လှက ပြောပါတယ်။ TNLA လက်ရှိထိန်းချုပ်ထားတဲ့နယ်မြေတွေကို စစ်ကောင်စီထံက တိုက်ခိုက်ရယူခဲ့ချိန်က မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုတွေလည်း ရှိခဲ့တာကြောင့် သူတို့ရဲ့သဘောထားကိုလည်း အလေးထားရမယ်လို့ ဆိုပါတယ်။
“လားရှိုးပုံစံမျိုးမဖြစ်အောင်၊ လားရှိုးဖြစ်စဉ်ကြောင့် ကျွန်တော်တို့ ပြည်သူတွေ ဘယ်လောက်ထိ ထိခိုက်မှုဖြစ်သွားသလဲဆိုတော့ နောက်ဆက်တွဲ ရင်ဆိုင်နေရပါပြီ။ အထူးသဖြင့်ကတော့ လားရှိုးထဲမှာလည်း ကျွန်တော်တို့ တအာင်းပြည်သူတွေရှိပါတယ်။ အဲဒီမှာ ပြည်သူတွေရဲ့ သွားလာမှုတွေကို ကန့်သတ်ပိတ်ပင်မှုတွေ အများကြီးကြားသိနေရပြီ။ မြင်လည်း မြင်နေရပါပြီ” လို့ လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်ပေးခဲ့ရချိန် ဒေသခံပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအပေါ် ဗိုလ်မှူးကြီး တာပန်လှက ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဒေသတွင်းနယ်မြေတွေကို သိမ်းယူထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးကို ဆက်လက်ဆောင်ရွက်မှာဖြစ်သလို စစ်အာဏာရှင်စနစ်ကို အမြတ်မပြတ်နိုင်ပါက နောင်မျိုးဆက်တွေမှာပါ အခုလို ဆိုးရွားတဲ့အဖြစ်မျိုးတွေ ထပ်မံကြုံတွေ့ရနိုင်တယ်လို့လည်း ဗိုလ်မှူးကြီး တာပန်လှက သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
Comments