လွတ်ရက်စေ့ နိုင်ကျဥ်း(၅)ဦး နောက်မှုနဲ့ သာယာဝတီ ထောင်ထဲပြန်ထည့်ခံရ
- aung thwin
- Oct 2
- 1 min read
BVJ/ဇော် - စက်တင်ဘာ ၁၊ ၂၀၂၅

ပဲခူးတိုင်း၊သာယာဝတီအကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ ဒီနေ့လွှတ်ပေးရမယ့် နိုင်ငံရေး အကျဉ်းသူ (၁) ဦးနဲ့ နိုင်ငံရေးအကျဉ်းသား (၄)ဦးကို စစ်ကောင်စီက နောက်မှုကပ်ပြီး ထောင်ထဲပြန်ထည့် ထားတယ်လို့ သတင်းရရှိပါတယ်။
နောက်မှုကပ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသား(၅)ဦး သာယာဝတီထောင်ထဲပြန်ထည့်ခံရတယ်ဆိုတဲ့ သတင်း နိုင်ငံရေး အကျဥ်းသူဟောင်း ကမ္ဘာညိုက Burma VJ ကို အတည်ပြုပါတယ်။
“ရဲစခန်းက ထောင်ပိုင်ကို အကြောင်းကြားပြီး နောက်မှုနဲ့ ထောင်ထဲပြန်ထည့်လိုက်တာပါ။ ထောင်ကလွတ်မှ အခုလို စိတ်ကိုယ်နှစ်ပါး ဒုက္ခပေးကြတာ။တကယ်ဆို အမှုအားလုံးရှိရင် စဖမ်းကထည်း က အကုန်စုပြောကပ်ရမှာလေ။ငွေပတ်ညှစ် ထောက်ထား မြုပ်ထား ရစ်စား ရှေ့မှု ပစ်ချပြီး သက်သက် လုပ်တာပါ ရဲနဲ့ တရားသူကြီး ပေါင်းလုပ်ကြတာပါ”လို့ နိုင်ငံရေး အကျဥ်းသူဟောင်း ကမ္ဘာညိုက ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ၁ ရက်နေ့က သာယာဝတီအကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ လွတ်မြောက်လာတဲ့ နိုင်ငရေးအကျဥ်းသား ၁၃ဦးထဲက နိုင်ငံရေး အကျဉ်းသူ (၁) ဦးနဲ့ နိုင်ငံရေး အကျဉ်း သား (၄) ဦး အကျဉ်း ထောင်ဗူးဝမှာ ပုဒ်မ၅၂(က)နဲ့ နောက်မှုကပ်ခံရပြီး ထောင်ထဲပြန်ထည့်ခံလိုက်ရတာဖြစ်ပါတယ်။
နောက်မှုကပ်ပြီးထောင်ထဲပြန်ထည့်ခံရတဲ့ ၆ဦးထဲမှာ တင်စိုး(ခ)နတ်ဆိုးနဲ့ သူ့ရဲ့ ဇနီးဖြစ်သူ မမေမြတ်သူတို့ ပါဝင်ပါတယ်။မမေမြတ်သူ နောက်မှုကပ်ပြီး ထောင်ထဲပြန်ထည့်ခံရတာနဲ့ ပတ်သက်ပြီး သူနဲ့ရင်းနီးတဲ့ အမည်မဖော်လိုသူ မြန်မာပြည်တွင်းက နိုင်ငံရေးအကျဥ်းသူဟောင်းတစ်ဦး ကလည်း သူ့ဖေ့စ်အကောင့်ကတဆင့် အခုလိုပြောပါတယ်။
“သာယာဝတီအကျဉ်းထောင်၊ ၄-ဆောင် (၃ပေါ်) မမေမြတ်သူ (ဘ) ဦးအောင်ကျော်ဆင့် ကို သာယာဝတီရဲစခန်းက ပြန်ခေါ်ထားလိုက်ပါတယ်တဲ့။ သေချာပါတယ်…နောက်မှုပါပဲ။ တွေးကြည့်ရုံနဲ့တင် ဘယ်လောက်ခံစားနေရမလဲ မြင်ယောင်မိတယ်။လူတွေကို သတ်တယ်။ စိတ်တွေကို သတ်တယ်။ မျှော်လင့်ချက်တွေကို သတ်တယ်။”

လွတ်ရက်စေ့လို့ ပြန်လွှတ်ပေးရမယ့် နိုင်ငံရေးအကျဉ်းသူ/သားတွေကို စစ်ကောင်စီက နောက်မှုနဲ့ထောင်ထဲပြန်ထည့်နေတဲ့ကိစ္စ အရင်ကလည်း ရှိထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့က ၅၀၅ (က)၊ ၁၇(၁) တို့နဲ့ ထောင်ခြောက်နှစ် ချမှတ်ခံထားရတဲ့ NLD ပါတီ ဗဟိုလူငယ်တာ၀န်ခံ မမိုးဆန်းစုကြည်ကိုလဲ လွတ်ရက်စေ့နေပေမယ့် ပြန်မလွတ်ပေးပဲ ၅၂ (က) နဲ့ နောက်မှုကပ်ပြီး ဆက်လက်ဖမ်းဆီးထားပါတယ်။ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် မချယ်ရီထက်ဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ လွတ်ရက်စေ့နေပေမယ့် ယခုအချိန်အထိ ပြန်မလွတ်သေးဘဲ ရမည်းသင်းအကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရဆဲဖြစ်ပါတယ်။
စစ်ကောင်စီဟာ လွတ်ရက်စေ့လို့ လွှတ်ပေးရမယ့် နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ဗူးဝမှာ ပုဒ်မအမျိုးမျိုးတပ် ပြန်လည်ဖမ်းဆီး အမှုတပ်တာတွေ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပြီး မမိုးဆန်းစုကြည်နဲ့ မချယ်ရီထက် အပါအဝင် ပြန်လည်ဖမ်းဆီးခံသူ (၇၄)ဦး ရှိနေပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ထားပါတယ်။







Comments