လှိုင်းဘွဲ့မြို့နယ်က စစ်ကောင်စီ တာလယ်ဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းယူ
- BVJ
- 5 hours ago
- 1 min read
BVJ/ထက်အောင် _ မေ ၁၄ ၊ ၂၀၂၅

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် တာလယ်ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီ တာလယ်ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက မနေ့ မေလ ၁၃ ရက် ညနေပိုင်းမှာ သိမ်းယူနိုင်ခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေ၊ ထိုင်းနိုင်ငံနယ်စပ်နဲ့ ၇ ကီလိုမီတာအကွာမှာရှိတဲ့ တာလယ်ဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။
တာလယ်ဗျူဟာစခန်းကို သိမ်းယူနိုင်ခဲ့မှုနဲ့ပတ်သက်ပြီး KNLA ရှေ့တန်းစစ်မြေပြင်နဲ့နီးစပ်တဲ့ Thunder Kawthoolei ကလည်း “တပ်မဟာ ၇ ထဲမှာရှိတဲ့ တာလယ် (တညၣ်ကၠိ) ကို မနေ့ညပိုင်းမှာ KNLA ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့တယ်” လို့ သူ့ရဲ့လူမှုကွန်ရက် (Facebook) မှာ ရေးသားဖော်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာလယ်ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ထိုင်းနယ်စပ်တစ်လျှောက်မှာလည်း ထိုင်းစစ်တပ်က လက်နက်ကြီးတွေနဲ့ အသင့်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားခဲ့ပါသေးတယ်။
မေလ ၉ ရက်က စတင်ခဲ့တဲ့ တာလယ်ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက နေ့စဉ်နီးပါး လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူအများအပြား နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသလို နေအိမ်အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အခု မေလ ၉ ရက်နေ့ကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသမှာရှိတဲ့ စစ်ကောင်စီ ထီးခီးဗျူဟာစခန်းနဲ့ ဘားအံခရိုင် ပိုင်ကျုံမြို့နယ်အတွင်းက လေးပနာဒီ (တခေါ်ဘီခွီး) စစ်ကောင်စီ တပ်စခန်း KNLA ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့ပါသေးတယ်။
Photo: Thunder Kawthoolei
Comentarios