လေကြောင်းရန်ကြောင့် အလှူမင်္ဂလာဆောင်ပွဲတွေကို ခွင့်ပြုချက်ရမှသာလုပ်ဖို့ မြိုင်ပကဖညွှန်ကြား
- BVJ

- Mar 4, 2025
- 1 min read
BVJ/ယူဂရင်း_ မတ် ၄၊ ၂၀၂၅

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ အလှူမင်္ဂလာဆောင်၊ သာရေး နာရေးပွဲတွေကို သက်ဆိုင်ရာ ရပ်ကျေး တိုက်နယ် ဇုန်တာဝန်ခံတွေဆီ အဆင့်ဆင့်ကြိုတင်အကြောင်းကြားပြီး ခွင့်ပြုချက်ရမှသာလုပ်ဆောင်ကြဖို့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ညွှန်ကြားလိုက်ပါတယ်။
လေကြောင်းသတင်းပေးမှုကို စိစစ်ကြပ်မတ်ထိန်းသိမ်းရန်နဲ့ အိမ်ထောင်စုတိုင်း ဗုံးခိုကျင်းတူးဖို့ကိစ္စ ညွှန်ကြားစာကို မြိုင်ပကဖ တာဝန်ခံ ဗိုလ်လက်ယာက လက်မှတ်ရေးထိုးပြီး မြိုင်မြို့နယ်ဇုန်တာဝန်ခံတွေဆီ မနေ့က မတ်လ ၃ရက် ရက်စွဲနဲ့ပေးပို့ခဲ့တာကို ဒီနေ့မှာ ထုတ်ပြန်လာတာပါ။
အဲ့ဒီညွှန်ကြားစာမှာ အချက်လေးချက်ပါဝင်ပြီး မြို့နယ်အတွင်းတာဝန်ယူဆောင်ရွက်နေတဲ့ ဇုန်၊ တိုက်နယ်၊ ရပ်ကျေးတွေအတွင်းမှာ လူစိမ်း၊ တခြားမြို့နယ်ကလူတွေ တည်းခိုခြင်းတွေကို မှတ်ပုံတင်နဲ့တကွ တဆင့်ထောက်ခံမှုယူပြီး စိတ်ချရတဲ့လူကိုသာလက်ခံဖို့နဲ့ စနစ်တကျ စိစစ်ကြပ်မတ်ဖို့ ပါဝင်ပါတယ်။
စတားလင့်ဆိုင်တွေကိုလည်းသေချာစိစစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေသုံးတဲ့ စတားလင့်ကလွဲပြီး ဖွင့်လှစ်ထားတဲ့ စတားလင့်ဆိုင်တွေအားလုံး ယာယီပိတ်ဖို့၊ ပြန်ဖွင့်ရမယ့်အချိန်ကိုတော့ အကြောင်းကြားမှာဖြစ်သလို အဖွဲ့အစည်းတွေအသုံးပြုမှုကိုလည်း စိစစ်ဖို့နဲ့ကြပ်မတ်ဖို့၊ လေကြောင်း တိုက်ခိုက်မှုမခံရအောင် အလေးထားဆောင်ရွက်ဖို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အိမ်ထောင်စုတခုချင်းစီကို အခုလ ၃ရက်နေ့ကစပြီး လာမယ့် ဧပြီလ ၃ရက်နေ့အတွင်း ဗုံးခိုကျင်းတွေတူးခိုင်းဖို့နဲ့ ဆောင်ရွက်မှုရှိ,မရှိကို ရပ်ကျေးတာဝန်ခံတွေ လိုက်လံစစ်ဆေးဖို့၊ မလိုက်နာတဲ့ အိမ်ထောင်စုတွေကို ဒဏ်ငွေချအရေးယူဖို့ကိုလည်း ညွှန်ကြားထားပါတယ်။
ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မြိုင်ပကဖ ပြောရေးဆိုခွင့်ရှိသူက “ဒီကာလမျိုးမှာ အသက်အန္တရယ်နဲ့စာရင် အရေးကြီးတာမရှိနိုင်ပါဗျ”လို့ Burma VJကို ပြောပါတယ်။
အခုညွှန်ကြားချက်တွေအားလုံးကို ဇုန်တာဝန်ခံတွေက ချက်ချင်းဆောင်ရွက်ဖို့နဲ့ ဇုန်အတွင်း လေကြောင်းတိုက်ခိုက်မှုခံရရင် မှတ်တမ်းဓါတ်ပုံနဲ့အတူ အမြန်သတင်းပို့ဖို့ကိုလည်း မှာထားပါတယ်။
မြိုင်နဲ့ပေါက်မြို့နယ်တို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစကာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလိုပြုလုပ်လာပြီး ဖေဖော်ဝါရီ ၂၅ရက်က မြိုင်မြို့နယ် ဆုံကုံးရွာ ဘုန်းကြီးကျောင်းက မင်္ဂလာဆောင်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ (၂၀)ဦးခန့် ထိခိုက်သေဆုံးခဲ့ရသလို မနေ့က မတ်လ ၃ရက်မနက်အစောပိုင်းမှာလည်း မြိုင်နဲ့ပေါက်အစပ်က ရေနံမှော်နားကရွာတွေကို လေကြောင်းကနေ ရှစ်ကြိမ်တိုင်ဗုံးကြဲခဲ့တာကြောင့် ရေနံလုပ်သားတွေနဲ့ ဒေသခံ (၁၂)ဦး ထိခိုက်သေဆုံးခဲ့ရပါတယ်။




Comments