လေကြောင်းတိုက်ခိုက်မှုတွေကြား ငလျင်ဘေးဆိုးရဲ့ နာကျင်မှုတွေ တစ်လပြည့်ခဲ့ပြီ
- BVJ
- Apr 30
- 2 min read
■ အိုင်းရစ်

အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အခက်အခဲဒုက္ခမျိုးစုံ သောကမျိုးစုံတွေကို ငလျင်ဘေးဒဏ်သင့်ပြည်သူတွေ ကြုံတွေ့ခဲ့ရတာ တစ်လပြည့်ခဲ့ပါပြီ။ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကလည်း ငလျင်ဘေးဒဏ်ကြုံခဲ့ရတဲ့ ပြည်သူတွေအတွက် ဆတိုးနာကျင်မှုတွေ ဒုက္ခတွေကို ထပ်တိုးဖြစ်ပေါ်စေခဲ့ပါတယ်။
လူသားချင်းစာနာထောက်ထားမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေ အပစ်အခတ်ရပ်စဲကြဖို့ နိုင်ငံတကာက တောင်းဆိုခဲ့ကြတာတွေရှိခဲ့ပေမဲ့ စစ်ကောင်စီကတော့ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုကတော့ လုပ်ဆောင်နေဆဲပါပဲ။
ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ရတဲ့ အဆောက်အအုံတွေ၊ ယိုင်နဲ့နဲ့ ပြိုကျလုဆဲ နေအိမ်တွေကြောင့် ငလျင်ဘေးဒဏ်သင့်ဒေသက ပြည်သူတွေဟာ နေစရာအိမ်ပျောက်ဆုံးခဲ့ရပြီး အခက်အခဲမျိုးစုံနဲ့အတူ ယာယီတည်းခိုစရာနေရာတွေမှာ တဲထိုးနေနေကြရဆဲပါပဲ။
ရစ်ချ်စကေး ၈.၀ အဆင့်ရှိ အင်အားပြင်းစစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ ၁၉၄၆ ခုနှစ်နောက်ပိုင်း ၂၀၂၅ မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်စကေး ၇.၇ အဆင့်ရှိ ငလျင်ဟာ ၇၉ နှစ်အတွင်း အပြင်းထန်ဆုံးလှုပ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။ မတ်လ ၂၈ ရက် ငလျင်ကြောင့် လူပေါင်း ၃၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပေမဲ့ မြေပြင်မှာ ဒီထက်ပိုမိုများပြားနိုင်တယ်လို့ အမေရိကန်ဘူမိဗေဒသုတေသနအဖွဲ့ (USGS) ကလည်း ထုတ်ပြန်ထားပါတယ်။
ငလျင်ကြောင့် မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ မန္တလေးဟာ ဆိုးဆိုးရွားရွား ထိခိုက်ခံစားခဲ့ရပြီး အထပ်မြင့်အဆောက်အအုံတွေ၊ ဟိုတယ်တွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ဒေသခံပြည်သူနေအိမ်တွေ၊ စားသောက်ဆိုင်တွေ ဆိုးဆိုးရွားရွား ထိခိုက်ပြိုကျပျက်စီးခဲ့ပါတယ်။

“ငလျင်လှုပ်ခတ်ခဲ့တာ တစ်လတောင် ကြာခဲ့ပြီ။ ဒါပေမဲ့ ကျွန်တော်တို့ နေအိမ်တွေမှာ ပြန်နေနိုင်ဖို့အတွက် ခက်ခဲနေတုန်းပါပဲ။ ဒီလိုဖြစ်တာက ကျွန်တော် တစ်ယောက်မဟုတ်ပါဘူး။ ကျွန်တော့်ဝန်းကျင်မှာရှိတဲ့ လူအားလုံး ကြုံတွေ့နေရတာပါပဲ” လို့ မန္တလေးဒေသခံတစ်ဦးက ဆိုပါတယ်။
မကြာမီ မိုးရာသီကိုရောက်ရှိလာတော့မှာဖြစ်ပေမဲ့ ငလျင်ဘေးကြုံတွေ့ခဲ့ရတဲ့ဒေသတွေမှာ လူပေါင်းထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်နေရဆဲပါ။ “လာမယ့်ကာလမှာ ဘာတွေကြုံတွေရမလဲ၊ ဘာတွေဖြစ်လာမလဲဆိုတာ ပြည်သူတွေ အတော်လေး စိုးရိမ်မှုဖြစ်နေပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းများ အဖွဲ့ချုပ် (IFRC) ဥက္ကဌ Nadia Khoury ကလည်း AFP သတင်းဌာနကို ပြောပါတယ်။
ငလျင်ကပ်ဘေးကြားက လေကြောင်းတိုက်ခိုက်မှု
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ကတည်းက နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေချိန် ငလျင်ကြောင့် ယာယီအပစ်အခတ်ရပ်စဲမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ စစ်ကောင်စီနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ မြေပြင်ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုတွေကို ငလျင်ဘေးသင့်ဒေသ မန္တလေးတိုင်းအတွင်းမှာပါ လုပ်ဆောင်နေဆဲပါပဲ။
မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း ၈၀ ထက်မနည်း လုပ်ဆောင်ခဲ့တယ်လို့ ဗြိတိန်အခြေစိုက် လွတ်လပ်တဲ့ သတင်းအချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ Centre for Information Resilience (CIR) ရဲ့ Myanmar Witness အဖွဲ့က ဒီနေ့ ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အခုလ ဧပြီ ၂၃ ရက်ကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်လှုပ်ရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

“ပေါက်ကွဲသံကြားကြားချင်း ကျွန်တော် ချက်ချင်းကို ပုန်းကွယ်ဖို့ လုပ်ဆောင်ခဲ့ရပါတယ်။ ကျွန်တော်က လွတ်မြောက်ခဲ့ပေမဲ့ ကျွန်တော့ညီမကတော့ သေဆုံးခဲ့ရပါတယ်” လို့ အသက် ၄၀ အရွယ် ကိုအောင်က လက်လှုပ်ရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း အခြေအနေနဲ့ပတ်သက်ပြီး AFP သတင်းဌာနကို ပြောပြပါတယ်။ လက်လှုပ်ရွာဟာ ငလျင်ဗဟိုချက် စစ်ကိုင်းမြို့အနီးနဲ့ ၆၂ မိုင်ခန့်သာ ကွာဝေးပါတယ်။
ငလျင်ကြောင့် စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာထားပေမဲ့ ပြည်သူတွေကို တိုက်ခိုက်နေတုန်းပါပဲ။ မြန်မာ့စစ်ရေးပဋိပက္ခ လေးနှစ်ကျော်အတွင်း ပြည်သူအများစုဟာ ဆင်းရဲမွဲတေမှု ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရသလို နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၃.၅ သန်းအထိ ရှိနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အခက်အခဲမျိုးစုံ၊ ဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေဟာ အင်အားပြင်းငလျင်ကြောင့် ပိုင်ဆိုင်မှုတွေ ထပ်မံဆုံးရှုံးခဲ့ရပြီး အိုးအိမ်မဲ့ဖြစ်ခဲ့ကြရပါတယ်။ ငလျင်ကြောင့် ယာယီတဲထိုးနေထိုင်ရချိန် ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေလည်း ကြုံတွေ့နိုင်ပြီး ကာလဝမ်းရောဂါ၊ တီဘီရောဂါ စတဲ့ နောက်ဆက်တွဲရောဂါဆိုးတွေကိုလည်း ရင်ဆိုင်ရနိုင်ချေရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါသေးတယ်။
ငလျင်ကြီးလှုပ်တာတစ်လပြည့်မြောက်ခဲ့ပေမယ့် ငလျင်ဘေးသင့်ခဲ့တဲ့သူတွေဟာ အခုချိန်ထိ ထိရောက်တဲ့ကူညီမှုတွေ မရရှိသေးဘဲ ပြန်လည်ထူထောင်ရေးတွေ မလုပ်ဆောင်နိုင်သေးဘဲ ယိုင်နဲ့သွားတဲ့နေအိမ်တွေ၊ ပြိုပျက်သွားတဲ့နေအိမ်တွေ ဖြိုချရေးအတွက် ကိုယ်ထူကိုယ်ထ ရုန်းကန်နေကြရဆဲဖြစ်ပါတယ်။ ငလျင်ဘေးတစ်လပြည့်တဲ့အထိ ပျောက်ဆုံးနေတဲ့ ရုပ်အလောင်းတွေကို ရှာဖွေဖော်ထုတ်နေရဆဲဖြစ်ပါတယ်။
မှတ်ချက် - ဘန်ကောက်ပို့စ်သတင်းစာမှာဖော်ပြထားတဲ့ Myanmar marks month of misery since historic quake ဆောင်းပါးကို ဆီလျော်အောင် ဖြည့်စွက်ဘာသာပြန်ဖော်ပြထားခြင်း ဖြစ်ပါတယ်။
Comments