top of page

ရန်ကုန်အဝေးသင်တက္ကသိုလ် ကထိက ဒေါ်ဝင်းဝင်းအောင်က PDFဆီမှာဖမ်းခံရတာမဟုတ်ဘဲ AAနဲ့ ပူးပေါင်းသွားတာလို့ စစ်ကောင်စီဝါဒဖြန့်

  • Writer: BVJ
    BVJ
  • May 12
  • 1 min read

BVJ/ယူဂရင်း_ မေ ၁၂၊ ၂၀၂၅


ဓာတ်ပုံ - စစ်ကောင်စီ ထုတ်ပြန်ချက် (CINCDS)
ဓာတ်ပုံ - စစ်ကောင်စီ ထုတ်ပြန်ချက် (CINCDS)

PDFက ဖမ်းဆီးပြီး စစ်ဆေးမှုလုပ်နေတယ်ဆိုတဲ့ ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ဟာ ဖမ်းဆီးခံရတာမဟုတ်ဘဲ သူ့ဆန္ဒအတိုင်း အာရက္ခတပ်တော်AAနဲ့ ပူးပေါင်းသွားတာဖြစ်တယ်လို့ စစ်ကောင်စီက မနေ့က မေ၁၁ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။


ကထိက ဒေါ်ဝင်းဝင်းအောင်ကို မန္တလေးတိုင်း၊ နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF)ကဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ အခုလ ၈ရက်ကထုတ်ပြန်ပြီးနောက် ကထိကပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က အခုလိုဖော်ပြလာတာပါ။


ငလျင်ဘေးကြောင့် စာမေးပွဲပြန်ဖြေရမဲ့ မန္တလေးတိုင်းက ကျောင်းသူ/သားတွေကို အနီးကပ် သင်ကြားပို့ချပေးနိုင်ဖို့အတွက် ကထိက ဒေါ်ဝင်းဝင်းအောင်ဟာ ရန်ကုန်အဝေးသင်တက္ကသိုလ်ကနေ အခြားနည်းပြတွေနဲ့အတူ မိတ္ထီလာတက္ကသိုလ်ကို မေ ၁ ရက်က ရောက်လာခဲ့ပြီး မေ ၂ရက်မှာ အထက ၂ ပျော်ဘွယ်မှာ စတင်သင်ကြားခဲ့တယ်လို့ သိရပါတယ်။


အဲ့ဒီနောက် မေ ၇ရက်မှာ အကြောင်းမဲ့ပျက်ကွက်နေတာကြောင့် CCTVစစ်ကြည့်ရာကနေ ကထိကဒေါ်ဝင်းဝင်းအောင်ဟာ မိတ္ထီလာတက္ကသိုလ်၊ ကံ့ကော်ဆောင်ကနေ အသုံးဆောင် ပစ္စည်းတွေပါတဲ့အိတ်အသေးတလုံးနဲ့ ထွက်သွားပြီး တက္ကသိုလ်နားက လက်ဖက်ရည်ဆိုင်ရှေ့က Toyota Passo (ခဲရောင်) ကားပေါ် သူ့သဘောဆန္ဒနဲ့ လိုက်ပါသွားခဲ့တာကို စိစစ်တွေ့ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။


ရခိုင်ပြည်နယ် စစ်တွေဇာတိဖွား ရခိုင်လူမျိုးတစ်ဦးဖြစ်တဲ့ ကထိက ဒေါ်ဝင်းဝင်းအောင်ဟာ အခုကာလမတိုင်ခင်မှာ AAနဲ့ကြိုတင်ဆက်သွယ်ခဲ့ပြီး မေ ၇ရက်မှာ ဆားလင်းကြီးPDFရဲ့ ချိတ်ဆက်မှုနဲ့ မိတ္ထီလာမြို့ကနေ ဆားလင်းကြီး မြို့နယ်၊ ကျားတက်ကျေးရွာကိုသွားကာ အဲ့ဒီကနေတဆင့် AA အဖွဲ့နဲ့ချိတ်ဆက်ပြီး AA အခြေပြုရာ နယ်မြေအတွင်းမှာ ပညာရေးဆိုင်ရာလုပ်ငန်းတွေ ပူးပေါင်းကူညီနိုင်ရေးကြိုတင် ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒါကြောင့် ကထိကတစ်ဦး PDFဖမ်းဆီးခံရတယ်ဆိုတာ မဟုတ်မှန်ဘဲ ဆရာ၊ဆရာမတွေကြောက်အောင် သတင်းမှားဖြန့်နေတာဖြစ်တယ်လို့လည်း စစ်ကောင်စီက ဆိုထားပါတယ်။


ကထိကဒေါ်ဝင်းဝင်းအောင်ကို ဖမ်းဆီးထားတဲ့ မြင်းခြံခရိုင် အမှတ် ၄၊အမှတ်၁၀ တပ်ရင်းရဲ့ မေလ ၈ရက်ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက် စစ်ကောင်စီရဲ့ယန္တရားလည်ပတ်စေနိုင်တဲ့ လုပ်ငန်းတွေကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေတဲ့ မန္တလေးနိုင်ငံခြားရေး ဘာသာတက္ကသိုလ် (စီမံ ၊ ဘဏ္ဌ) ဌာနမူး ဦးအောင်ဆန်းရဲ့ ဇနီးဖြစ်သူ ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ကို မိတ္ထီလာမြို့နယ် တနေရာမှာဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page