ရန်ကုန်နဲ့ မန္တလေးမှာ ဇန်နဝါရီလအတွင်း လူငယ် ၇၀၀ ကျော် ဖမ်းဆီးခံရ
- BVJ

- Feb 5, 2025
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၅ ၊ ၂၀၂၅

၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ လူငယ် (၇၁၂)ဦးထက်မနည်းကို စစ်ကောင်စီက အဓမ္မဖမ်းဆီးခဲ့ပြီး စစ်မှုထမ်းစုဆောင်းမှုတွေလုပ်ဆောင်ခဲ့တယ်လို့ Rangoon Scout Network (RSN) နဲ့ မန္တလေးသပိတ်အင်အားစုတို့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ အဓမ္မဖမ်းဆီးမှုတွေကို RSN နဲ့ မန္တလေးသပိတ်အင်အားစုတို့က လက်လှမ်းမီသမျှ အချက်အလက်ကောက်ယူထားတာဖြစ်ပြီး ရန်ကုန်မြို့ပေါ် (၂၈)မြို့နယ်နဲ့ မန္တလေးမြို့ပေါ် (၇)မြို့နယ်တို့မှာ အများဆုံးဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ရန်ကုန်မြို့အတွင်း အဓမ္မ ဖမ်းဆီးခံရသူ(၄၇၅)ဦးအထိရှိခဲ့ပြီး (၅၈)ဦးဟာ ပြန်လည်လွတ်မြောက်လာပြီး (၃)ဦးဟာ ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ ကျန် (၄၁၄)ဦးရဲ့ နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးပါဘူး။ မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်၊ ချမ်းအေးသာဇံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နဲ့ အမရပူရမြို့နယ်တို့မှာ အများဆုံး ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မြို့နယ်တခုချင်းစီကို (၃၀)ဦးနဲ့အထက် ဖမ်းဆီးခံရတာပါ။
စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ ဖမ်းဆီးမှုတွေထဲမှာ လမ်းမပေါ် လိုက်ဖမ်းတာ၊ ဧည့်စာရင်းစစ်ပြီး ဝင်ရောက်ဖမ်းဆီးတာ၊ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးတာ၊ သတင်းရရှိပြီး ရှာဖွေဖမ်းဆီးတာအပြင် စစ်မှုထမ်းအတွက် အဓမ္မဖမ်းဆီးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေက ပုံစံမျိုးစုံနဲ့ လူငယ်တွေကို အဓမ္မ ဖမ်းဆီးနေတာကြောင့် ပြည်သူတွေအနေနဲ့လည်း ညအချိန် အပြင်ထွက်သွားလာတာကို အထူးဂရုစိုက်ဖို့အပြင် စစ်ကောင်စီရဲ့ လုံခြုံရေးအကြောင်းပြ ဖုန်းတွေ စစ်ဆေးတာတွေ၊ အလုပ်သွားအလုပ်ပြန် လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေလည်း ရှိနေတာကြောင့် လူငယ်၊ လူလတ်ပိုင်းတွေအနေနဲ့ လုံခြုံရေးသတိပြု သွားလာဖို့ကိုလည်း မန္တလေးသပိတ်အင်အားစုက တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းကလည်း စစ်ကောင်စီရဲ့ အဓမ္မ ဖမ်းဆီးမှုကြောင့် ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ဖမ်းဆီးခံရတဲ့လူငယ်ပေါင်း (၉၈၇)ဦးအထိရှိခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူ (၇၁)ဦးနဲ့ ထွက်ပြေးလွတ်မြောက်ခဲ့သူ (၆)ဦးသာ ရှိခဲ့ပါတယ်။




Comments