ရန်ကုန်တိုင်း လှည်ကူးမြို့အနီးကို ဗဟိုပြုပြီး ငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့
- BVJ
- May 7
- 1 min read
BVJ/ထက်အောင် _ မေ ၇ ၊ ၂၀၂၅

ရန်ကုန်တိုင်း လှည်ကူးမြို့နယ် ဇရပ်ကွင်းအနီးကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်မှု ၂ ကြိမ် ဖြစ်ပေါ်ခဲ့တာကြောင့် ရန်ကုန်မြို့နေ ပြည်သူအများအပြား စိုးရိမ်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
မေလ ၆ ရက် ည ၉ နာရီ ၄၀ မိနစ်ဝန်းကျင်က ရစ်ချ်စကေး ၂.၉ အဆင့်ရှိ ငလျင်တစ်ခု ပထမအကြိမ် လှုပ်ခတ်ခဲ့ပြီး ည ၁၀ နာရီ ၅၅ မိနစ်မှာ ရစ်ချ်စကေး ၃.၇ အဆင့် အင်အားအသင့်အတင့်ရှိငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ ငလျင်လှုပ်ခတ်မှုအခြေအနေကို စောင့်ကြည့်နေတဲ့ မြေငလျင်သတင်းများစင်တာက ဖော်ပြထားပါတယ်။
ဒါ့အပြင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း မေလ ၆ ရက် ညပိုင်း ၁၀ နာရီ ၅၅ မိနစ်မှာ အင်အားရစ်ချ်စကေး ၃.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒုတိယအကြိမ် ငလျင်လှုပ်ခတ်ခဲ့မှုနဲ့ပတ်သက်ပြီး ရန်ကုန်မြို့နေ ပြည်သူအများအပြား သိသိသာသာခံစားခဲ့ရပြီး အထပ်မြင့်တိုက်တွေမှာ နေထိုင်သူတွေ လမ်းမပေါ် ပြေးဆင်းခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။
“ည ၁၁ နာရီထိုးခါနီးလောက်မှာ ငလျင်လှုပ်တာ တစ်ချက်ထဲ အိမ်ကို ဆွဲခါလိုက်တာ” လို့ လှိုင်သာယာမြို့နယ် ပြည်သူတစ်ဦးကလည်း ပြောပါတယ်။
မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး ရစ်ချ်စကေး ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုပေါင်း အကြိမ် ၁၆၀ ကျော်ရှိခဲ့ပြီး ရစ်ချ်စကေး ၂.၈ နဲ့ ၅.၅ ကြား လှုပ်ခတ်မှုတွေ ရှိခဲ့တယ်လို့လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ဒေသအချို့မှာ အဆောက်အအုံထိခိုက်ပြိုကျမှု အများအပြားဖြစ်ပေါ်ခဲ့ပြီး ငလျင်ဘေးဒဏ်သင့်ဒေသတွေမှာ ပြည်သူ ၃၇၀၀ ကျော်ထက်မနည်း သေဆုံးခဲ့ကာ ၅၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
Comments