top of page

၂၀၂၆ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု ဦးမင်းကိုနိုင်ရရှိ

  • Writer: BVJ
    BVJ
  • 11 minutes ago
  • 1 min read

အေတီ/BVJ_မေ ၂၃၊ ၂၀၂၆

အခု ၂၀၂၆ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award)ရဲ့ ၁၇ ကြိမ်မြောက်ဆုရှင်အဖြစ် ဦးမင်းကိုနိုင်ကို ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။


ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ မှာ ဒီနေ့ကျင်းပပြုလုပ်နေတဲ့ ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ ဦးမင်းကိုနိုင်ကို ၁၇ ကြိမ်မြောက်ဆုရှင်အဖြစ်ကြေညာခဲ့တာဖြစ်ပါတယ်။


ဒီဆုဟာ မြန်မာနိုင်ငံမှာပရဟိတ၊ လူမှုရေး၊ ပညာရေးနဲ့နိုင်ငံရေးကဏ္ဍတွေမှာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး တစိုက်မတ်မတ်လုပ်ဆောင်နေသူတွေကို ဂုဏ်ပြုပေးအပ်တဲ့ဆုဖြစ်ပါတယ်။


၁၇ ကြိမ်မြောက်ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးမင်းကိုနိုင်ဟာ ၁၉၈၈ခုနှစ်ရှစ်လေးလုံးကာလမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်ကစလို့ ဒီနေ့အချိန်ထိစစ်အာဏာရှင်ကို ရှေ့တန်းက ဦးဆောင်တော်လှန်နေတဲ့သူဖြစ်ပါတယ်။


၁၉၈၉ခုနှစ်မှာ ပထမဆုံးအကြိမ်ဖမ်းဆီးခံရပြီးနောက် အကျဥ်းထောင်အတွင်းမှာ နှစ်ရှည်အကျဥ်းကျခံခဲ့ရပါတယ်။ ၂၀၀၇ခုနှစ်မှာ ဒုတိယအကြိမ်အဖမ်းခံရပြီး ထောင်ဒဏ် ၆၅နှစ်ကျခံရပြီးနောက် ၂၀၁၂ခုနှစ်မှာပြန်လွတ်လာခဲ့ပါတယ်။


သူ့ဘဝတလျှောက်လုံး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးလုပ်ငန်းတွေကို တစိုက်မတ်မတ် ဆက်လက်လုပ်ဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးမှာလည်း စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ ဆက်လက်ဦးဆောင်ပါဝင်နေဆဲဖြစ်ပါတယ်။

ဦးမင်းကိုနိုင်ဟာ ကနေဒါနိုင်ငံကပေးတဲ့ ဂျွန်ဟမ်ဖရီ လွတ်မြောက်ရေးဆု၊ ချက်သမ္မတနိုင်ငံ People in Need ဖောင်ဒေးရှင်းကပေးတဲ့ Homo Homini ဆု၊ နော်ဝေးနိုင်ငံကပေးတဲ့ ကျောင်းသားငြိမ်းချမ်းရေးဆု (Student Peace Prize)၊ အမေရိကန်နိုင်ငံTrain ဖောင်ဒေးရှင်းကပေးတဲ့ လူမှုရဲစွမ်းသတ္တိဆု (Civil Courage Prize)၊ တောင်ကိုရီးယားနိုင်ငံကပေးတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆု အပါအဝင် နိုင်ငံတကာဆုများစွာရရှိထားသူတစ်ဦးဖြစ်ပါတယ်။


ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ခုနှစ်ကစပြီး နှစ်စဥ်ချီးမြှင့်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်အတွက်ဆုကိုတော့ အကျဥ်းကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်‌အောင်ဆန်းစုကြည်ကရရှိခဲ့ပါတယ်။ ၂၀၂၄ခုနှစ်အတွက်ဆုကိုတော့ နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့လူငယ်တွေရဲ့ တီထွင်ဖန်တီးမှုနဲ့ထုတ်လုပ်မှုအတွက် ပေးအပ်ခဲ့ပါတယ်။၂၀၂၃ခုနှစ်အတွက်ဆုကိုတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကရရှိခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page