ယောဒေသမှာ တိုက်ပွဲနေ့စဉ်ပြင်းထန်နေ
- BVJ

- 10 hours ago
- 1 min read
BVJ_မေ ၂၂၊ ၂၀၂၆

မကွေးတိုင်း၊ ယောဒေသအတွင်း ပေါက်–တပြင်း–ကျောက်ထု လမ်းမကြီးကနေ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်အုပ်စုစစ်ကြောင်းတွေကို ယောတပ်တော် (YA)နဲ့ပူးပေါင်းမဟာမိတ်တပ်တွေက ခုခံတိုက်ခိုက်နေတာကြောင့် နှစ်ဖက်အဖွဲ့ကြားနေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ယောတပ်တော်က ဒီနေ့ မေ ၂၂ ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။
အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ဒေသတွင်းစစ်ရေးလှုပ်ရှားမှုတွေကို ဆိုရှယ်မီဒီယာတွေပေါ်မဖော်ပြဖို့နဲ့ သတင်းမီဒီယာတွေကိုမဖြေဖို့ဆိုပြီးလည်း သတိပေးထားတာကိုတွေ့ရပါတယ်။
"ယခု အခြေအနေတွင် စစ်ရေးကာလဖြစ်၍ တပြင်း- ကျောက်ထုလမ်းပိုင်းရှိ တိုက်ပွဲသတင်းများ၊ စစ်ရေးအခြေအနေများကို မည်သူတစ်ဦးတစ်ယောက်မှ မီဒီယာများသို့ ဖြေကြားခြင်း၊ လှုပ်ရှားမှု ပုံရိပ်များကို ဆိုရှယ်မီဒီယာများတွင်ဖော်ပြခြင်း မပြုလုပ်ရန် လေးနက်စွာအသိပေးလိုပါသည်"လို့ ယောတပ်တော်ကပြောထားပါတယ်။
စစ်ရေးကာလမှာ လိုအပ်ရင်တပ်ပေါင်းစုအနေနဲ့သတင်းထုတ်ပြန်သွားမှာဖြစ်ပြီး အဲ့ဒီသတင်းထုတ်ပြန်ချက်တွေကသာအတည်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ယောဒေသနဲ့ ချင်းတောင်ပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်ကြိုးစားစစ်ဆင်လာတဲ့ စစ်အုပ်စုနဲ့တော်လှန်ရေးတပ်ဖွဲ့တွေဟာ အခုမေလလယ်ကစပြီးတိုက်ပွဲတွေပြင်းထန်နေတာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့အမှတ် (၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅)ကနေ စစ်ကား ၈စီးဟာ လောင်းရှည်မြို့ကတပ်စခန်းကိုအင်အားထပ်ဖြည့်တင်းထားတာကြောင့် ဆောမြို့နယ်မှာကာလရှည်တိုက်ပွဲဖြစ်နိုင်တယ်လို့လည်း ဂန့်ဂေါခရိုင်တပ်ရင်း(၆)က အခုလ မေ ၁၉ရက်ထုတ်ပြန်ထားပါသေးတယ်။၊
ဒါကြောင့် လောင်းရှည်ဒေသခံတွေအနေနဲ့ စစ်တပ်နဲ့ နီးကပ်တဲ့နေရာမှာ မနေကြဖို့နဲ့ မသွားလာဖို့တားမြစ်ထားတဲ့ ဆော-လောင်းရှည်လမ်းပိုင်းနဲ့ တောတောင်ဒေသတွေကို အသုံးမပြုကြဖို့လည်း သတိပေးထားပါသေးတယ်။
ယောဒေသတွင်းအခြေအနေတွေကိုဖော်ပြနေတဲ့ ယောအလင်းတန်းမှာတော့ ပေါက်မြိုနယ်၊ကျောက်တံခါးရွာမှာညအိပ်စခန်းချခဲ့တဲ့ ကားအစီးရေ ၃၀ ကျော်နဲ့စစ်အုပ်စုအင်အား ၁၀၀၀ခန့်ပါစစ်ကြောင်းဟာ မနေ့က မေ၂၁ရက်မှာ ပုံတောင်ခလတ်( တောင်တဝက်)နေရာတွေမှာရောက်လာပြီဖြစ်ကြောင်းနဲ့ လမ်းတလျောက်မှာ ဒရုန်းနဲ့ကင်းထောက်ပြီး ဗုံးသီးတွေကြဲချ လမ်းကြောင်းရှင်းနေတယ်လို့ ပြောထားပါတယ်။
အဲ့ဒီအင်အားတစ်ထောင်ခန့်ပါ စစ်အုပ်စုစစ်ကြောင်းမှာ အမျိုးသမီးစစ်မေတွေလည်းပါဝင်လာသလို စစ်သားအများစုဟာလည်း စစ်မှုထမ်းတပ်သားသစ်(ပစ)တွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။




Comments