ရန်ကုန်တိုင်းစစ်ဌာနရဲ့ တပ်သားသစ်ခေါ်ယူမှု လုံခြုံရေးအရ ပိုမိုစိစစ်လုပ်ဆောင်နေ
- BVJ

- Feb 19, 2025
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၅

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရန်ကုန်တိုင်းစစ်ဌာနလက်အောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို တပ်သားသစ်အဖြစ် ခေါ်ယူနေကြောင်း ရန်ကုန်တိုင်းစစ်ဌာနက မနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံနိုင်ပြီး တော်လှန်ရေး ပြီးဆုံးချိန်အထိ အတူတကွ တိုက်ပွဲဝင်နိုင်သူတွေကို တပ်သားသစ်ခေါ်ယူသွားမယ်လို့ ဖော်ပြထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတစ်ဦးဦးက အာမခံပေးနိုင်သူတွေကို ဦးစားပေး ခေါ်ယူသွားမယ်လို့လည်း သိရပါတယ်။
“တပ်သားသစ်တွေ လက်ခံတဲ့အခါ စိစစ်ရေးအပိုင်းကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်ရတယ် အဓိကကတော့ လုံခြုံရေးပေါ့... အဲ့ဒီအတွက် ကျွန်တော်တို့ဘက်က ရွေးချယ်တဲ့အခါ လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေက အာမခံပေးတဲ့သူမျိုးဆိုရင် ပိုပြီးအဆင်ပြေတယ် ဒါကြောင့် အဲ့လိုထောက်ခံပေးနိုင်တဲ့သူမျိုးကို ဦးစားပေးခေါ်ယူမယ်လို့ ထည့်သွင်းထားတာပါ” လို့ ရန်ကုန်တိုင်းစစ်ဌာန တာဝန်ရှိသူတစ်ဦးက Burma VJ ကို ပြောပါတယ်။
တပ်သားသစ်ခေါ်ယူရာမှာ လုံခြုံရေးအရ စိစစ်တင်းကြပ်မှုတွေ လုပ်ဆောင်ထားတာဖြစ်တယ်လို့လည်း သိရပြီး တော်လှန်ရေး PDF ရဲဘော်တွေနဲ့ အဆက်အသွယ်မရှိပါကလည်း သတ်မှတ်ချက်တွေနဲ့ကိုက်ညီပြီး တော်လှန်ရေးကျရာနေရာမှာ တာဝန်ထမ်းဆောင်နိုင်မယ့်သူတွေကိုလည်း စိစစ်ရွေးချယ် ခေါ်ယူသွားမှာဖြစ်တယ်လို့လည်း ရန်ကုန်တိုင်းစစ်ဌာန တာဝန်ရှိသူက ဆက်ပြောပါတယ်။
အခုနှစ်ဆန်းပိုင်းမှာ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီးနောက် စစ်မှုထမ်းတပ်သားသစ်ရရှိဖို့ အဓမ္မဖမ်းဆီးမှုတွေလည်း လုပ်ဆောင်နေတာကြောင့် လူငယ်၊ လူလတ်ပိုင်းအများအပြားဟာ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ ဆက်သွယ်ဝင်ရောက်နေတာလည်း ရှိနေပါတယ်။










Comments