ရခိုင်သားတွေလက်ထဲ အာရက္ခနိုင်ငံရေးရည်မှန်းချက် မကြာခင်မုချရောက်တော့မယ်လို့ MNDAA နဲ့ TNLA ပြော
- BVJ
- Apr 18
- 1 min read
BVJ/မိုနာ_ ဧပြီ ၁၀၊ ၂၀၂၅

အာရက္ခတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ ရခိုင်သားတို့ရဲ့ လက်ထဲကို မကြာမီအချိန်မှာမုချမသွေ ရောက်ရှိတော့မယ်လို့ ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ MNTJP/MNDAAနဲ့ တအာင်းတပ်မတော် PSLF/TNLAတို့က ဒီနေ့ ဧပြီ ၁၀ရက်မှာ ဆန္ဒပြုပြောလိုက်ပါတယ်။
ဒီနေ့မှာ ကျရောက်တဲ့ အာရက္ခတပ်တော် AAရဲ့ ၁၆ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်နေ့ကို ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားတာပါ။
အမျိုးသားလွတ်မြောက်ရေးအတွက် ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးရှည်ကြီးမှာ ရခိုင်လူမျိုးတို့အတွက် အာရက္ခအိမ်မက်ကို မရပ်မနားကြိုးပမ်းအကောင်အထည်ဖော်ကြတဲ့ ရခိုင်အာဇာနည် ရဲဘော် တပ်ဖွဲ့ဝင်တွေနဲ့ နည်းလမ်းပေါင်းစုံနဲ့ပေးဆပ်ကြတဲ့ ရခိုင်လူမျိုးအားလုံးကို အထူးလေးစားဂုဏ်ယူကြောင်းနဲ့ အာရက္ခတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ ရခိုင်သားတို့ရဲ့ လက်ထဲကို မကြာမီအချိန်မှာမုချမသွေ ရောက်ရှိတော့မှာလို့ ပြောထားတာပါ။
ဒါ့အပြင် အာရက္ခတပ်တော် ခေါင်းဆောင်တွေ၊ တပ်မှူးတွေ၊ ရဲဘော်၊ ရဲမေတွေနဲ့အတူ ရခိုင်ပြည်သူတွေအားလုံး တော်လှန်ရေးသတိနဲ့ အာရက္ခအိမ်မက်ကို အမြန်ဆုံး အလုံးစုံအကောင်းဖော်နိုင်ပါစေလို့လည်း ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေက ဆန္ဒပြုထားပါတယ်။
မြန်မာတဝန်းလုံးက တော်လှန်ရေးနယ်မြေအသီးသီးမှာ တော်လှန်နေတဲ့ AAတပ်ဖွဲ့ဝင်တွေတည်ရှိပြီး တော်လှန်ရေးအုလပ်တွေကို လက်တွေ့ကျကျအရှိန်အဟုန်မြင့် ဖော်ဆောင်နေတာဟာလည်း မြန်မာပြည်သူ တရပ်လုံးအတွက် အားတက်ဂုဏ်ယူဖွယ်ဖြစ်တယ်လို့ ပြောထားပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့က ကမကထပြုပြီး တခြားမဟာမိတ်တပ်ဖွဲ့တွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ အကောင်အထည်ဖော်လိုက်တဲ့ ၁၀၂၇စစ်ဆင်ရေးဟာလည်း အာဏာရှင်တိုက်ဖျက်ရေးအတွက် အကောင်းဆုံးစစ်ဆင်ရေးဖြစ်လာပြီး တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မဲ့ ခြေလှမ်းဖြစ်တယ်လို့ သဝဏ်လွှာမှာဖော်ပြပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့လည်း အခက်အခဲဖိအားပေါင်းစုံကို စည်းလုံးညီညွတ်စွာအတူတကွဖြတ်ကျော်ပြီး ၁၀၂၇စစ်ဆင်ရေးစီမံချက်လှိုင်းလုံးနဲ့အတူ တော်လှန်ရေးအောင်ပွဲရောက်ရှိတဲ့အထိ ခိုင်မာတဲ့ညီနောင်မဟာမိတ်စိတ်ဓါတ်နဲ့ စည်းလုံးညီညွတ်မယ်လို့လည်း အလေးအနက်ကတိပြုထားပါသေးတယ်။
AAအနေနဲ့ လက်ရှိမှာ ရခိုင်ပြည်နယ်ထဲက သိမ်းယူဖို့ကျန်ရှိနေသေးတဲ့မြို့နယ်တွေအပြင် ဧရာဝတီ၊ ပဲခူးနဲ့ မကွေးတိုင်းတို့မှာလည်း စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး စစ်ဆင်ရေးတွေဖော်ဆောင်နေပါတယ်။
Comments