ရခိုင်-မကွေးနယ်စပ်မှာ စစ်ကောင်စီတပ် စစ်အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေ
- BVJ

- Jan 23, 2025
- 1 min read
အမ်း-ပဒါန်းလမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦး ဖမ်းဆီးနိုင်ခဲ့
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၂၃ ၊ ၂၀၂၅

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းနယ်စပ်အကြားမှာ စစ်ကောင်စီက အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေပြီး တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းတွေအားလုံးကိုလွှတ်ကာ စစ်အင်အားဖြည့်တင်းဖို့ ကြိုးစားနေတယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA Magway) ထံက သိရပါတယ်။
အခု ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး ၂ ဦး၊ အရာခံဗိုလ် ၁ ဦးအပါအဝင် စုစုပေါင်း ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ဦးအထိ ရှိခဲ့တယ်လို့လည်း PRA Magway ထံက သိရပါတယ်။ ယင်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီကားတစ်စီး ပျက်စီးခဲ့သလို ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ လက်နက်ငယ် ၈ လက်၊ ခဲယမ်းနဲ့ စစ်ဘက်အသုံးအဆောင်တွေကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
စစ်ကောင်စီက တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းတွေကို အသုံးပြုပြီး တပ်ရင်းတစ်ခုကို အင်အား ၁၄၀ ဝန်းကျင်နဲ့ အမ်း-ပဒါန်းလမ်းတစ်လျှောက် စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။ အခုလ ဇန်နဝါရီ ၇ ရက်နဲ့ ၁၉ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးမှုတွေ ရှိနေခဲ့ပြီး ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာနဲ့ ခွန်ဇူးကျေးရွာတို့မှာ PRA Magway တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

“လက်ရှိမှာတော့ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းတွေကို တွေ့ရတယ်။ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို စစ်ရသလောက်ဆိုရင် တပ်မ ၉၉ တပ်မတစ်ခုလုံး လာမယ်ဆိုတဲ့ပုံစံမျိုး ကြားသိရတယ်။ တပ်ရင်းတစ်ရင်းကို ထုတ်နုတ်အင်အား ၁၄၀ လောက်နဲ့ လာမယ်လို့ ကြားသိရတယ်”လို့ PRA Magway စစ်ရေးတာဝန်ခံ ကိုနောင်သူရိန်ကလည်း Burma VJ ကို ပြောပါတယ်။
အခု ဇန်နဝါရီလအတွင်း စစ်ကောင်စီ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းတွေနဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသတော်လှန်ရေးတပ်တွေက ပိတ်ဆို့ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။ ပိတ်ဆို့ဖမ်းဆီးမှုအတွင်း စစ်ကောင်စီ အမှတ် ၁၁၃ ခြေမြန်တပ်ရင်းက ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၂ ဦးကို ဖမ်းဆီးထားနိုင်ခဲ့တယ်လို့လည်း PRA Magway ကလည်း ထုတ်ပြန်ထားပါတယ်။
ရခိုင်-မကွေးနယ်စပ်ကို စစ်အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီ တပ်မ ၈၈၊ တပ်မ ၉၉ လက်အောက်ခံတပ်ရင်းတွေအပါအဝင် စစ်ကောင်စီ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တပ်ဖွဲ့တွေနဲ့ အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုရှိနေပြီး အခုလ ဇန်နဝါရီ ၁၁ ရက်ကလည်း ရခိုင်ပြည်နယ် အမ်းမြို့နယ် ကမြင်းကန်(ကံမြင်ကန်)ရွာ၊ ပိန်းရေစမ်းရွာနဲ့ ကြက်ရေစမ်းရွာအနီးဝန်းကျင် အမ်း-ပဒါန်းလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။




Comments