ရခိုင်ပြည်ရဲ့အဓိကခေါင်းဆောင်တစ်ဦး ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်း TNLAသဝဏ်လွှာပို့
- BVJ
- 6 days ago
- 1 min read
BVJ/ယူဂရင်း_ မေ ၈၊ ၂၀၂၅

ရက္ခိုင်အမျိုးသားအဖွဲချုပ်/ အာရက္ခတပ်တော် ULA/AAရဲ့ နိုင်ငံရေးမှူး ဦးဦးလှစော ကွယ်လွန်ခြင်းအတွက် ရခိုင်ပြည်သူတွေနဲ့အတူ ဝမ်းနည်းကြောင်းကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဗဟိုဌာနချုပ်က မနေ့က မေ ၇ရက်မှာ သဝဏ်လွှာပေးပို့ပါတယ်။
လည်ချောင်းကင်ဆာရောဂါ ခံစားနေရတဲ့ ULA/AAရဲ့ နိုင်ငံရေးမှူး ဦးဦးလှစောဟာ အခုလ ၅ရက် ညမှာဆုံးပါးသွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက်(၇၂)နှစ်ရှိပြီဖြစ်ပါတယ်။
စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် အစဉ်ကြိုးပမ်းနေပြီး ရခိုင်အနာဂတ်လူမျိုးတွေအပေါ် အမျိုးသားရေးစိတ်ဓါတ်ကြိုးစားမြှင့်တင်ခြင်းနဲ့ ရက္ခိတလမ်းစဉ်ကိုင်စွဲကာ ခေတ်မီဖွံ့ဖိုးတိုးတက်တဲ့ အာရက္ခပြည်ကိုပုံဖော် ကြိုးပမ်းတည်ဆောက်နေဆဲကာလမှာ အခုလို မူဝါဒပိုင်းဆိုင်ရာတွေဦးဆောင်နေတဲ့ အဓိကခေါင်းဆောင်တစ်ဦး ဆုံးရှုံးရတာဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ ULA/AAအဖွဲ့အစည်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်တယ်လို့ PSLF/TNLA ရဲ့ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ ဖော်ပြပါတယ်။

မြန်မာစစ်အာဏာရှင်အဆက်ဆက်မှာ အကြိမ်ကြိမ်ဖမ်းဆီးအကျဉ်းချခြင်း ညှင်းပန်းနှိပ်စက်ခြင်း၊ ဖိနှိပ်ခြင်းတွေကို ဦးမညွှတ်ဘဲ ရခိုင်အမျိုးသားအရေး၊ ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်အာရက္ခပြည် တည်ဆောက်ရေးအတွက် နိုင်ငံရေးသမား၊ စာရေးဆရာ၊ ကဗျာဆရာ၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ ULA/AAနိုင်ငံရေးမှူးဆိုတဲ့ မြင့်မြတ်တဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ ဦးဦးလှစောရဲ့ အာရက္ခပြည်နဲ့လူမျိုး အပေါ် တန်ဖိုးထားချစ်မြတ်နိုးမှုကို အစဉ်ထာဝရ မှတ်တမ်းတင်ဂုဏ်ပြုနေမယ်လို့လည်း ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ ဖော်ပြပါတယ်။
ဦးဦးလှစော(ခ)မောင်ခိုင်အောင်ဟာ ၁၉၇၀နောက်ပိုင်းတက္ကသိုလ်မှာ မြေအောက်ကျောင်းသားလှုပ်ရှားမှုတွေ၊ ခေတ်ပေါ်ကဗျာလှုပ်ရှားမှုတွေထဲမှာပါဝင်ခဲ့ပြီး ခေတ်ပေါ်ကဗျာနဲ့ ဝတ္ထုတို၊ ရသစာတွေရေးသားရာမှာ ထင်ရှားတဲ့သူတစ်ဦးဖြစ်သလို ဝါရင့် ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်ကာလမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ၊ ၂၀၁၀ ခုနှစ်မှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDPတို့မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ RNDP နဲ့ ALD ပါတီပူးပေါင်းရေးမှာ အဓိကဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
Comments