ဒေါ်အောင်ဆန်းစုကြည်တို့ သားအမိ ဖုန်းပြောခွင့်ရခဲ့တဲ့အပေါ် 'မြန်မာ့အရေး တိုးတက်မှုလက္ခဏာ' လို့ မှတ်ချက်ပေးခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် မေးခွန်းထုတ်


အေတီ/BVJ- ၂၄ အောက်တိုဘာ၊၂၀၂၆
ဖမ်းဆီးအကျဉ်းချခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ဖြစ်သူ ကင်မဲအရစ် (ခ) ကိုထိန်လင်းတို့ ဖုန်းနဲ့ စကားပြောခွင့်ရတာဟာ စစ်အုပ်စုဘက်က အပြုသဘောဆောင်တဲ့ လက္ခဏာတွေ ပြသလာတာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက်ရဲ့ ပြောကြားချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ကြိုဆိုလိုက်ပါတယ်။
ဒါပေမဲ့ ဒီလုပ်ဆောင်ချက်ဟာ မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုကို အာဆီယံထဲ ပုံမှန်အတိုင်း ပြန်ဝင်ခွင့်ရအောင် လမ်းခင်းပေးနေတာလားဆိုပြီး Burma VJ မီဒီယာကတစ်ဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို မေးခွန်းပြန်ထုတ်လိုက်ပါတယ်။
“အပြုသဘောဆောင်တဲ့ ရလဒ်ဆိုတာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ဖုန်းဆက်သွယ်ပြောဆိုခွင့်ရတာကို ရည်ညွှန်းတာဆိုရင်တော့၊ မိသားစုအဆက်အသွယ် ရရှိတာကို လူသားချင်းစာနာမှုအရ ကျွန်မတို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ထဲမှာ ရှိနေရမယ့်သူတွေ မဟုတ်ပါဘူး။ ခြွင်းချက်မရှိ လွတ်မြောက်ရမယ့်သူတွေ ဖြစ်ပါတယ်။ ဖုန်းပြောခွင့်ရရုံနဲ့ သူတို့ရဲ့ လွတ်မြောက်ရေးကို အစားထိုးလို့ မရပါဘူး။
ဒါကြောင့် ဒီလို အကန့်အသတ်ရှိတဲ့ လိုက်လျောမှုတစ်ခုကို ‘အပြုသဘော တိုးတက်မှု’ လို့ ပုံဖော်ပြီး၊ စစ်အုပ်စုကို အာဆီယံမှာ ပုံမှန်ပြန်လည်ဆက်ဆံဖို့ အကြောင်းပြချက်အဖြစ် အသုံးချလာမယ်ဆိုရင် မေးခွန်းထုတ်ရပါလိမ့်မယ်။ ဒါဟာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် သံတမန်ရေး ကြိုးပမ်းမှုလား၊ ဒါမှမဟုတ် မင်းအောင်လှိုင် စစ်အုပ်စုကို အာဆီယံထဲ ပုံမှန်ပြန်ဝင်ခွင့်ရအောင် လမ်းခင်းပေးနေတာလားဆိုတဲ့ မေးခွန်းပါ” လို့ ဒေါ်ဇင်မာအောင်က မေးခွန်းထုတ်ပါတယ်။

ဒါ့အပြင် လာမယ့် နိုဝင်ဘာလမှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်အုပ်စုရဲ့ လုပ်ရပ်တွေကို အကဲဖြတ်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးသလား၊ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်လုပ်နေသလား ဆိုတာတွေ အပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လက်တွေ့ အကောင်အထည်ဖော်နေလား ဆိုတာတွေကို အဓိက ထည့်သွင်းစဉ်းစားသင့်တယ်လို့လည်း အခုလို အကြံပြုထားပါတယ်။
“လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ အကဲဖြတ်ရမှာက ဖုန်းတစ်ကြိမ် ပြောခွင့်ပေးသလား ဆိုတာထက် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးသလား၊ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်သလား၊ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်သူတွေဆီ ရောက်ရှိခွင့်ပေးသလား ဆိုတာ ဖြစ်ပါတယ်။ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်ဘဲ လူသားချင်းစာနာမှုဆိုင်ရာ အနည်းဆုံး လုပ်ဆောင်ပေးရမယ့် ကိစ္စတစ်ခုကို နိုင်ငံရေးအရ အသိအမှတ်ပြုမှုနဲ့ လဲလှယ်ခွင့် မပေးသင့်ပါဘူး” လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကင်အဲရစ်စ် (Kim Aris) တို့ကို ၅ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖုန်းနဲ့ စကားပြောခွင့်ပြုလိုက်တဲ့ မြန်မာစစ်အုပ်စုရဲ့ ဆုံးဖြတ်ချက်ဟာ အကောင်းဘက်က အစပျိုးမှုတစ်ခု ဖြစ်တယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး သီဟာဆက် ဖူအန်ကက်ကီယို က ဒီနေ့ စနေနေ့မှာ ပြောဆိုခဲ့တာပါ။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်အုပ်စုဟာ အာဆီယံအဖွဲ့ထဲ ပုံမှန်ပြန်ဝင်နိုင်ရေး အပါအဝင် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရေးအတွက် ရတဲ့နည်းလမ်းအားလုံးကို အသုံးပြုပြီး အသည်းအသန် ကြိုးပမ်းနေကြတာပါ။ ဒါကြောင့်လည်း သူတို့ ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက နိုင်ငံရေးကတ်တစ်ခုအနေနဲ့ ထုတ်သုံးနေတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထောက်ပြ ပြောဆိုနေကြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက အာဏာသိမ်းစစ်အုပ်စုရဲ့ မတရား ဖမ်းဆီးအကျဉ်းချတာကို ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်တွေ့မှာတော့ သာမန်အကျဉ်းသားတစ်ဦး ရသင့်တဲ့ အခွင့်အရေးတွေတောင် မရရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ကမှ သူ့ရဲ့ သားငယ် ကိုထိန်လင်းနဲ့ ၅ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖုန်းနဲ့ စကားပြောခွင့်ရခဲ့တာ ဖြစ်ပါတယ်။




Comments