မြန်မာစစ်အုပ်စုနဲ့ထိတွေ့ဆက်ဆံနေတာတွေ ချက်ချင်းရပ်တန့်ဖို့ Burma Campaign UKက ဗြိတိန်အစိုးရကိုတိုက်တွန်း

သူရ/BVJ_အောက်တိုဘာ ၂၂၊ ၂၀၂၆

ဗြိတိန်အစိုးရအနေနဲ့ အာဏာသိမ်းမြန်မာစစ်အုပ်စုအပေါ် နည်းနည်းချင်း လျှော့ပေါ့ဆက်ဆံလာတဲ့ပေါ်လစီကိုချက်ချင်းရပ်တန့်ဖို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (Burma Campaign UK)က ဒီနေ့တောင်းဆိုလိုက်ပါတယ်။
အဲဒီလိုလျှော့ပေါ့မယ့်အစား စစ်ကောင်စီရဲ့ဝင်ငွေလမ်းကြောင်းတွေနဲ့ လက်နက်ရရှိနိုင်မယ့်နည်းလမ်းတွေကိုပိတ်ဆို့ဖို့ ပိတ်ဆို့အရေးယူမှုတွေပြန်လည်တင်းကြပ်ပြီး မြန်မာပြည်သူတွေကို စစ်အုပ်စုရဲ့တိုက်ခိုက်မှုတွေရန်ကနေကာကွယ်ပေးသင့်တယ်လို့ ပြောပါတယ်။
ဗြိတိန်အစိုးရဟာ သူတို့ရဲ့သဘောထားကိုထင်ထင်ရှားရှားပြောင်းလဲလာပြီး စစ်ကောင်စီကိုယ်စားလှယ်တွေကို အစိုးရဝန်ကြီးတွေနဲ့တွေ့ဆုံဖို့ ဖိတ်ကြားတာတွေ ဓာတ်ပုံတူတူရိုက်တာတွေကို စတင်လုပ်ဆောင်လာတယ်လို့ Burma Campaign UK ရဲ့ ဒီနေ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ဗြိတိန်နိုင်ငံခြားရေးဌာန အာရှ-ပစိဖိတ်ရေးရာ ဝန်ကြီး Baroness Winterton ဟာ စစ်အုပ်စုလက်အောက်ခံ လန်ဒန်ရှိ မြန်မာသံရုံးယာယီတာဝန်ခံ ဦးဝင်းဇေယျာထွန်းကို အာဆီယံသံတမန်တွေနဲ့အတူ နိုင်ငံခြားရေးဌာနမှာတွေ့ဆုံဖို့ ဖိတ်ကြားခဲ့ပါတယ်။ အာရှရေးရာဝန်ကြီးက အာဏာသိမ်းစစ်အုပ်စုရဲ့ သံရုံးယာယီတာဝန်ခံနဲ့အတူ ဓာတ်ပုံအရိုက်ခံခဲ့တာကြောင့် နိုင်ငံတကာမှာတရားဝင်မှုရဖို့ကြိုးစားနေတဲ့ စစ်ကောင်စီအတွက်ဝါဒဖြန့်စရာ အခွင့်အရေးကြီးပေးလိုက်သလိုဖြစ်သွားတယ်လို့လည်း ထုတ်ပြန်ချက်မှာထောက်ပြထားပါတယ်။

ဒါ့အပြင် Burma Campaign UK ရဲ့ဒါရိုက်တာ Mark Farmaner ကလည်းဗြိတိသျှအစိုးရရဲ့ မူဝါဒမှာ ကြီးမားတဲ့ပြောင်းလဲမှုတစ်ရပ်ရှိလာကြောင်း ပြောဆိုခဲ့ပါတယ်။ ဗြိတိသျှအစိုးရဝန်ကြီးတွေဟာ မြန်မာစစ်တပ်ကိုအရေးယူပိတ်ဆို့ရမယ့်အစား လန်ဒန်ရှိစစ်အုပ်စုထိန်းချုပ် သံရုံးယာယီတာဝန်ခံ ဦးဝင်းဇေယျာထွန်းနဲ့တွေ့ဆုံတာ ဓာတ်ပုံရိုက်တာနဲ့ ကုန်သွယ်ရေးကိစ္စတွေဆွေးနွေးလာတာတွေကြောင့် ပုံမှန်အခြေအနေဆီ ပြန်ရောက်သွားစေဖို့ဦးတည်နေပြီဖြစ်ကြောင်း The Telegraph သတင်းစာကို ပြောကြားခဲ့ပါတယ်။
အလားတူပဲ အောက်တိုဘာ ၁၆ ရက်နေ့မှာ စီးပွားရေး၊ နည်းပညာနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနက Lord Sonny Leongကလည်း စစ်ကောင်စီ သံရုံးယာယီတာဝန်ခံ ဦးဝင်းဇေယျာထွန်းကို အာဆီယံသံတမန်တွေနဲ့အတူ ကုန်သွယ်ရေးကိစ္စတွေဆွေးနွေးဖို့ဖိတ်ကြားခဲ့ပါတယ်။ သူဟာလည်း ကိုယ်စားလှယ်အဖွဲ့နဲ့အတူဓာတ်ပုံအရိုက်ခံခဲ့ပြီး ဒီဓာတ်ပုံကို စစ်ကောင်စီဘက်က ဝါဒဖြန့်ဖို့အသုံးပြုခဲ့သလို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီတွေ့ဆုံမှုတွေရဲ့အသေးစိတ်အချက်အလက်တွေကို သက်ဆိုင်ရာဗြိတိန်အစိုးရဌာနတွေက ထုတ်ပြန်ခဲ့တာမဟုတ်ဘဲ မြန်မာစစ်ကောင်စီဘက်ကသာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။




Comments