“မေမေကိုယ်တိုင်တောင် သူဘယ်နေရာမှာရှိနေမှန်း အတိအကျမသိပါဘူး”

BVJ_အောက်တိုဘာ ၂၄၊ ၂၀၂၆

မိခင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စစ်အုပ်စုက သူ့ကိုဘယ်နေရာမှာဖမ်းဆီးထိန်းသိမ်းထားသလဲဆိုတာကို အတိအကျမသိဘူးလို့ သားငယ်ဖြစ်သူ ကင်အဲရစ်(ခ)ကိုထိန်လင်းကပြောပါတယ်။
"ငါးနှစ်ကျော်ကြာပြီးမှ မေမေ့အသံကိုပြန်ကြားခွင့်ရတာ ကျွန်တော့်အတွက်အင်မတန်တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ မေမေ့ရဲ့အခြေအနေကမပြောင်းလဲသေးပါဘူး။
မေမေဟာ အစောင့်အကြပ်တွေ၊ မြင့်မားတဲ့ ခြံစည်းရိုးတွေကြားမှာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်ခံထားရဆဲပါ။ ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာနဲ့ ပြင်ပဧည့်သည်တွေကို တွေ့ဆုံခွင့် မရှိပါဘူး။ မေမေကိုယ်တိုင်တောင် သူဘယ်နေရာမှာ ရှိနေမှန်း အတိအကျ မသိပါဘူး"
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကင်အဲရစ်(ခ)ကိုထိန်လင်းတို့ကို စစ်အုပ်စုက အခုလ အောက်တိုဘာ ၂၂ရက်က တယ်လီဖုန်းနဲ့ မိနစ်၂၀ခန့်ကြာစကားပြောခွင့်ပြုပြီးနောက်မှာ ဒီနေ့ အောက်တိုဘာ ၂၄ရက် မနက်မှာ ကိုထိန်လင်းကအခုလိုထုတ်ပြောလာတာပါ။
အာဏာသိမ်းစစ်အုပ်စုဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ အိမ်တအိမ်မှာ နေအိမ်အကျယ်ချုပ်ထားရှိတယ်ဆိုပြီးထုတ်ပြန်ခဲ့ပြီး အဲ့ဒီအိမ်ဟာနေပြည်တော်မြောက်ဘက်မှာရှိတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့တာပါ။
ကင်အဲရစ်(ခ)ကိုထိန်လင်းက အသက် ၈၁နှစ်အရွယ်မိခင်ဖြစ်သူဟာ မိသားစုနဲ့ပုံမှန်ဆက်သွယ်ခွင့်၊ လွတ်လပ်တဲ့ဆေးဘက်ဆိုင်ရာ စစ်ဆေးကုသခွင့်အတွက်လည်း ဘာအာမခံချက်မှမရသေးကြောင်းနဲ့ လွတ်မြောက်ရေးအတွက် အားလုံးတောင်းဆိုကူညီပေးကြဖို့ကိုလည်း ပြောထားပါတယ်။
"တစ်ကြိမ် စကားပြောခွင့်ရတာဟာ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရတာ မဟုတ်ပါဘူး။

မိသားစုနဲ့ ဆက်သွယ်ခွင့်ရတာဟာလည်း လွတ်မြောက်ခြင်း မဟုတ်ပါဘူး။
ဒီလို စကားပြောခွင့်ရအောင် ကူညီပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပံ့ပိုးပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်"
မိခင်ဖြစ်သူဟာ လက်အရွတ်ရောင်ရမ်းတဲ့ဝေဒနာ ခံစားနေရကြောင်းနဲ့ မိခင်နဲ့ဖုန်းပြောခွင့်ရနိုင်ကြောင်းကိုလည်း ဗြိတိန်နိုင်ငံခြားရေးဌာနကပြီးခဲ့တဲ့အပါတ်ထဲကအကြောင်းကြားထားတာဖြစ်ပြီး အခုတပါတ်မှာတော့ ဖုန်းပြောခွင့်ရမှာကိုအတည်ပြုခဲ့ကာ သူတို့ကပဲမြန်မာသံရုံးကိုလိုက်ပို့ပေးခဲ့ကြတာဖြစ်တယ်လို့ မိခင်ဖြစ်သူနဲ့ဖုန်းပြောပြီးနောက် RFAနဲ့အင်တာဗျူးမှာ ကင်အဲရစ်(ခ)ကိုထိန်လင်းကပြောထားပါတယ်။
ဗြိတိန်တတိယမြောက် ချားလ်စ်ဘုရင်ဆီက စာအုပ်နှစ်အုပ်၊ အိတ်ပိတ်စာအိတ်တစ်အိတ်၊သံတမန်ရေးရာဆက်သွယ်ရေး စာတစ်စောင်ကို ဒေါ်အောင်ဆန်းစုကြည်ဆီပေးပို့ပြီးရက်ပိုင်းအတွင်းမှာ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကိုသားဖြစ်သူနဲ့ အခုလိုစကားပြောခွင့်ပြုလာတာဖြစ်ပါတယ်။
ကင်အဲရစ်(ခ)ကိုထိန်လင်းကတော့ သူ့ရဲ့မိခင်ကို စစ်အုပ်စုကဓားစာခံအဖြစ်ဆက်လက်ထိန်းသိမ်းပြီး သံတမန်ရေးအသိအမှတ်ပြုမှု၊ ပိတ်ဆို့အရေးယူမှုလျှော့ပေါ့ပေးရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အပေးအယူလုပ်ရာတွေမှာ အသုံးချမှာကိုစိုးရိမ်နေပါတယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးခြွင်းချက်မရှိလွတ်မြောက်ရေးအတွက် ကင်အဲရစ်ကဦးဆောင်တဲ့ FREE HER လှုပ်ရှားမှုကိုပြုလုပ်နေပါတယ်။




Comments